Thursday 27 September 2012

အဆောင်နေ၍ အလုပ်လုပ်ကိုင်သူများပြားလာမှုကြောင့် မန္တလေးမြို့၌ အဆောင်များပိုမိုဖွင့်လှစ်

အလုပ်အကိုင် အခွင့်အလမ်း များပြားလာခြင်း နှင့်အတူ အဆောင်တွင် နေထိုင်၍ အလုပ် လုပ်ကိုင်သူ များပြားလာမှုကြောင့် အဆောင် များ ပိုမို ဖွင့်လှစ်လာကြောင်း မန္တလေးမြိ့ရှိ အဆောင်ဖွင့်လှစ်သူ များက ပြောသည်။ 
အဆောင်တွင်နေထိုင်၍ ကျောင်းတက်သော ကျောင်းသား၊ကျောင်းသူ များထက် နယ် အဝေးမှလာ၍ အလုပ်လုပ်ကိုင်သည့် ကုမ္ပဏီ ၀န်ထမ်း များ ပိုမိုများပြားလာသဖြင့် အဆောင် များ ပိုမိုဖွင့်လှစ်လာကြပြီး ၀န်ဆောင်မှု များလည်း ပိုမိုပြုလုပ်ပေးလာရကြောင်း ထွန်းစန္ဒာအောင် အမျိုးသားအဆောင်မှ အဆောင် မှူး ဒေါ်ထွေးက ပြောသည်။

"ရှမ်းပြည်နယ်၊ ကျောက်ဆည်နဲ့ မိတ္ထီလာလို နေရာမျိုးတွေမှာ ကျောင်း တွေ ဖွင့်ပေးထား တော့ မန္တလေးမြို့လာပြီး အဆောင်နေ ကျောင်း တက်တဲ့ သူတွေ ရှားလာတယ်၊ နောက်ပိုင်းမှာ ကုမ္ပ ဏီတွေ ကလည်း အဖွင့်များ လာတော့ နယ်စုံက အလုပ်လုပ်ပြီး နှစ်ရှည် နေထိုင်တဲ့ သူတွေက ပိုများ လာတယ်။

"၀န်ဆောင်မှုကလည်း ပိုလုပ်ပေးရတယ်၊ အများစုက အ၀တ်အစားလျှော်ဖို့ မအပ် ကြဘူး၊ အဆောင်မှာ ပဲ လျော်တဲ့သူတွေများ တော့ ရေဆိုလည်း နေ့ရောညရော အမြဲတင် ပေးထားရတယ်၊ လျှပ်စစ်မီးဆိုလည်း မီးပူတိုက်ဖို့နဲ့ ဖုန်းတွေ အားသွင်းဖို့အတွက် မီးလည်း အမြဲပေးထားရတယ်" ဟု ၎င်းက၊ပြောသည်။

စန်းရိပ်မြိုင် အမျိုးသမီးဘော်ဒါဆောင်မှ ပိုင်ရှင်ဒေါ်စောနုထွေးကလည်း "အဆောင် မှာက နှစ်ရှည်နေပြီး အလုပ်လုပ်တဲ့သူတွေ များ လာတယ်၊ အရင်တုန်းက ကျောင်းသူသီးသန့် အဆောင်ဆိုပြီး ဖွင့်လိုက်သေး တယ်၊ ကျောင်းလာတက်တဲ့သူတွေက ကျောင်းပြီးရင် ပြန်သွားကြတယ်၊ တချို့ကျတော့ ကျောင်းပြီး သွားလို့ အလုပ်လုပ်ဖို့ ဆက်နေတဲ့သူတွေ လည်းရှိတော့ နောက်ပိုင်းမှာ အဆောင်တွေ က ပိုအလုပ်ဖြစ် လာကြတယ်"ဟု ၎င်းက ပြောသည်။

ထိုသို့ အဆောင်နေအလုပ်လုပ်ကိုင်သူ များပြားလာမှုကြောင့် အခက်အခဲများစွာ ရှိသည့်အပြင် စည်းကမ်းများလည်း ပိုမို ထုတ်ပြန် ထားကြောင်း ဒေါ်ထွေးက ပြောသည်။ "လူမျိုးပေါင်းစုံဆိုတော့ အခက်အခဲ ကတော့ အများကြီးရှိပါတယ်၊ ၀န်ထမ်းဆိုတော့ မနက် အစောကြီးသွားတဲ့ လူတွေရှိတော့ ၅ နာရီဆိုရင်တံခါးတွေ ဖွင့်ပေးထားရတယ်၊ ဧည့်စာရင်းဆိုလည်း တစ်လတစ်ခါ တိုင်ပေးရ တယ်၊ အလုပ်လုပ်ဖို့ ထောက်ခံစာယူရင်လည်း လိုက်လုပ်ပေးရတာတွေ ရှိသလို တချို့က ကျတော့ အဆောင်နာမည်တွေ လိမ်ညာပြော ပြီး ထောက်ခံစာယူတာ တွေလည်းရှိပါတယ်၊ ရဲစခန်းအထိ သွားရတဲ့ ပြဿနာတွေကို လည်း လိုက်ရှင်းပေးရတယ်" ဟု ၎င်းက ပြောသည်။

စန်းရိပ်မြိုင် အမျိုးသမီးအဆောင်မှ ဒေါ်စောနုထွေးကလည်း "အဆောင်မှာက မိန်းကလေးတွေပဲဆိုတော့ အရမ်းထိန်းရ တယ်ဆိုတာ တော့ မရှိပါဘူး၊ စပြီး အဆောင် လက်ခံကတည်းက စည်းကမ်းကို လိုက်နာနိုင် မှလက်ခံတာပါ၊ စည်းကမ်းဖောက်တယ် ဆိုရင်လည်း ငွေကိုကြည့်မနေဘူး။ တစ်ခါ တည်းထုတ်လိုက်တယ်၊ ညအိပ်သွားမယ် ဆိုရင်လည်း ဘယ်သွားမယ်ဆိုပြီး အကြောင်း ကြားပြီးတော့ လက်မှတ်ထိုးသွားရတယ်" ဟု ပြောသည်။

န၀ရတ် အမျိုးသမီးဘော်ဒါဆောင်မှ တာဝန်ရှိသူတစ်ဦးကလည်း" အဆောင် စည်းကမ်းတွေကိုတော့ လိုက်နာနိုင်လောက်တဲ့ စည်းကမ်းတွေ ထုတ်ထားတာပါ၊ မလိုက်နာရင် သုံးကြိမ်သတိပေးမယ်၊ မရ ရင်တော့ အဆောင်ကနေထုတ်မှာပါ၊ နေထိုင်တဲ့ အဆောင် သူတွေကတော့ ၄၅ ယောက်   လောက်ရှိပါ တယ်" ဟုပြောသည်။

အဆောင်ဈေးနှုန်းများကိုလည်း အလုပ်လုပ်ကိုင်ရန် နေထိုင်သူများနှင့် နေ့ကျောင်းသားများကို တစ်လလျှင် ကျပ် ၁၅,၀၀၀ ယူပြီး အဝေးသင် ကျောင်းသား များကို တစ်လလျှင်ကျပ် ၂၅,၀၀၀ ယူကာ အဆောင် ဈေးနှုန်းများအလိုက် ၀န်ဆောင်မှုများလည်း ပြောင်း လဲသွားကြောင်း ဒေါ်ထွေးက ပြောသည်။

"အဝေးသင်တက်တဲ့သူတွေက ပုံမှန် နေတဲ့ သူတွေထက် ရေနဲ့ မီးကို ပိုပြီး ဂရုစိုက်ပေးရတယ်။ မနှစ်ကထက်တော့ အဆောင်နေ ကျောင်းသားတွေ ပိုများ လာပါတယ်၊ နေ့ကျာင်းသားတွေက နယ်စုံ တယ်၊ ပြင်ဦးလွင်၊ ထီးချိုင့်၊ မတ္တရာဘက်က လာတဲ့သူတွေများ တယ်၊ အဝေးသင်ကျောင်းသား ကတော့ ပြင်ဦးလွင်မြို့ကလာတဲ့သူတွေ ပိုများ တယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် လက်ရှိဖွင့်နေသောအဆောင် များတွင် အမျိုးသားအဆောင်ထက် အမျိုးသမီးအဆောင်က ပိုမိုအဖွင့်များ လာကြောင်း ဒေါ်ထွေးက ပြောသည်။ "အမျိုးသားအဆောင် မဖွင့်ကြတာ က ပြဿနာရှင်း ရမှာ ကြောက်ကြ တယ်လေ၊ ယောက်ျားလေးတွေဆို တော့ အရက်သောက်ပြီးမူးတာ၊ ရန်ဖြစ်တာ   တွေရှိတယ်" ဟု ဆိုသည်။

စန်းရိပ်မြိုင် အမျိုးသမီးအဆောင်မှ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးကလည်း "ကျောင်းပြီးကတည်းက အလုပ်လုပ်ရင်း အဆောင်မှာနေတာ ငါးနှစ်ရှိပါပြီ၊ အဆောင်ရဲ့ စည်းကမ်းတွေကိုလည်း သဘောကျတယ်၊ ပတ်ဝန်းကျင်ကိုလည်း ကြိုက်တယ်၊ မိဘနဲ့ အဝေးမှာလာပြီး အလုပ်လုပ်နေရပေမယ့် မိဘအုပ်ထိန်းသူ လက်အောက်မှာ နေရသလိုပါပဲ၊ အဆောင်သူတွေကလည်း သွေးသား အရင်းတွေလို ကူညီဖေး မကြပါ တယ်"ဟုပြောသည်။

အဆောင်ဖွင့်လှစ်နိုင်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာတွင် အဆောင်နေလူဦးရေအရ အမြတ် ခွန်ပေးဆောင်ရကြောင်း သိရသည်။
 
ref:MDYway

No comments:

Post a Comment