Saturday 8 September 2012

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၂)

acebook ပေါ်က လက်ရှိ ကိုမိုးသီးဇွန် မြန်မာပြည်ခရီးစဉ် ဆောင်းပါးတွေကို စောင့်ဖတ်ပြီး ဆဲနေတဲ့ သူတွေကို သေချာကြည့်လိုက်တော့ အများစုက နိုင်ငံခြားမှာနေထိုင်တဲ့ သူတွေ ဖြစ်နေတယ်။ ဘာကြောင့်လဲ? ဆိုတာကို ကျမစဉ်းစားလို့ ခက်ခဲ့တယ်။

ဒါပေမဲ့ facebook ထဲက နိုင်ငံခြားမှာနေနေရတဲ့ သူငယ်ချင်းတယောက်က ပြောတယ်၊ သူတို့ အထိနာသွားတာတဲ့…။ ဘာကို အထိနာသွားတာလဲ …ဆိုတာလည်း စဉ်းစားစရာပါပဲ။ ဒါပေမဲ့ ကျမကိုယ်တိုင်ကတော့ ဘယ်သူ့ကိုမှ အထိနာစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမ မြင်တာကိုပဲ ချရေးခဲ့တာ။ မြင်တာချရေးရုံနဲ့ အထိနာသွားတယ်ဆိုတာ ဘာကြောင့်လဲ….ဒါလည်း စဉ်းစားစရာပါပဲ။


ပြီးတော့အဲဒီအုပ်စုတွေကပဲ နောက်တခု စွတ်စွဲကြတာရှိတယ်။ ကျမက ကိုရော်နယ်အောင်နိုင်ရဲ့ တပည့်တဲ့။ ကိုရော်နိုင်အောင်နိုင်ရဲ့ အမည်ကို ကြားဖူးပါတယ်။ ဓါတ်ပုံကိုလည်း မြင်ဖူးတယ်။ဒါပေမဲ့ ဆရာ၊တပည့်လို့ပြောရအောင် ဘယ်သင်တန်းမှာမှ မကြုံခဲ့ဖူးပါဘူး။
လူချင်းလည်း တခါမှ မတွေ့ခဲ့ဖူးဘူး။ ဘာကြောင့် မဟုတ်တာတွေ ပြောကြာတာလဲ…ဒါလည်း စဉ်းစားစရာပါပဲ။

နောက်တခုက ကျမကို နှိမ်ချ ချင်တဲ့အခါ သတင်းရောင်းတဲ့ သူလို့ ပြောတာ။ တကယ်တော့ အဲလို အပြောခံရတာကို ကျမက ဂုဏ်ယူမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက သတင်းတွေကို  ရောင်းပါတယ်။ ဒါပေမဲ့ facebook နဲ့ မြစ်မခ၀က်ဆိုက်မှာတော့ အခမဲ့တင်ထားခဲ့တယ်၊ အဲဒီလို အခမဲ့တင်နိုင်ဖို့ ကျမတို့ မြစ်မခ သတင်းထောက်တွေရဲ့ သတင်းတွေကို ရောင်းကြရတယ်၊ မရောင်းဘဲနဲ့ တောင်းစားရင် ခုထက်ပိုပြီး ၀င်ငွေကောင်းမယ်ဆိုတာလည်း ကျမ သိသားပဲ။ ဒါပေမဲ့ ကျမက တောင်းစားရမှာကို ကြောက်လို့ကို သတင်းရောင်းစားတဲ့သူပါ။

နောက်တချက်က ကျမက ဗဟုရဲ့ တပည့်တဲ့၊ ဗဟု ဆိုတဲ့ အဖွဲ့ကို ကျမ ကြားဖူးပါတယ်။ ဗဟုရုံးခန်းကို တခါမှ မရောက်ခဲ့ဖူး။ ဗဟုဦးဆောင်သူတွေကလည်း ကျမနာမည်ကိုတောင် ကြားဖူးချင်မှ ကြားဖူးကြမှာပါ။ ဘာဖြစ်လို့ အဲလို မဟုတ်တာတွေ၊ အမှားတွေနဲ့ ကျမကို စွတ်စွဲနေကြသလဲ၊ အမှားတွေကိုပဲ စဉ်စားနေကြတာကလည်း အံ့သြစရာပါပဲ။


ပြီးတော့ အဲလိုပြောဆို စွတ်စွဲနေတဲ့သူတွေ ၊ ညစ်ညမ်းတဲ့စာလုံးအသုံးအနှုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ သူတွေထဲက  အချို့ကတော့ တချိန်က ကျမ လေးစားခဲ့ရတဲ့ ကျမထက် အသက်ကြီးတဲ့သူ၊ လုပ်ငန်းဝါ ကြီးတဲ့ အမျိုးသားကြီးတွေ ဖြစ်နေတာလည်း နားမလည်နိုင်ဘူး။ ကျမလို သာမန်ပြည်သူ မိန်းမတယောက်အနေနဲ့ ခုလို သက်ကြီးဝါကြီးလေးစားရသူတွေနဲ့ တတန်းတည်းလို့တောင် ဘယ်တုန်းကမှ မတွေးမိခဲ့ဖူး၊ ခုတော့ နားမလည်နိုင်သလို အံ့သြရပါတယ်။ အရင်ကလို မလေးစားနိုင်တော့တာကလွဲလို့ ပြန်လည်တိုက်ခိုက်လိုစိတ်လည်း မရှိဘူးရှင်။


ဘာပဲပြောပြော ခုလို ကျမ စာများများရေးဖြစ်တဲ့အတွက် တွန်းအားဖြစ်စေခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အတိုက်အခိုက်တွေ ရှိနေတာကိုလည်း ကျမ စိတ်မညစ်ပါဘူး၊ ဒီလိုအမှားထောက်ပေးဖို့ စောင့်ကြည့်ပေးမဲ့ သူတွေ ရှိတာ ကျမအတွက် ကံထူးတာပါပဲ။ သူတို့ကိုလည်း ကျေးဇူးတင်စိတ်နဲ့ပဲ ရေးစရာရှိတာတွေကို ဆက်ရေးပါမယ်။ ဒေါက်တာနိုင်အောင်ကိုလည်း မေးစရာရှိတာတွေ ဆက်မေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒေါက်တာနိုင်အောင်ကလည်း သတင်းမီဒီယာလုပ်ငန်းတွေ ခုလို ဖြစ်လာတဲ့အပေါ်မှာ အားရမိကြောင်း၊ မီဒီယာပွင့်လင်းမှု မရှိစဉ်တုန်း ခိုးကြောင်ခိုးဝှက်အလုပ်လုပ်ရတဲ့ အခြေအနေတုန်းကလည်း မီဒီယာကတော့ အမြဲကြိုးစားခဲ့တာတွေ့ရကြောင်း ပြောရင်း အင်တာဗျူးကို ပြန်စကြပါတယ်။

“ကျနော်တို့ အပြင်မှာ နေတဲ့ အဖွဲ့အစည်းတွေ အများစု ခံယူထားတာက ပြည်သူ့အသံက အဓိက၊ အထူးသဖြင့် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အသံနဲ့ပြည်သူ့အသံက အဓိက လို့ ခံယူပြီး ကျနော်တို့က ၀န်းရံပံ့ပိုးပေးဖို့လောက် တောက်လျှောက်စဉ်းစားနေခဲ့တာပါ“လို့ ပြောရင်း ပြည်ပက အဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းက အခြေအနေတွေကိုစောင့်ကြည့်ပြီး ၀န်းရံကူညီဖို့ ရှိကြောင်း ပြောပါတယ်။

ဒေါက်တာနိုင်အောင်က အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့်ရောက်ရှိလာပြီး မြန်မာနိုင်ငံဒီမိုကရေစီရေး အတွက်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလို ပြန်လာခွင့်ရတဲ့အခြေအနေပေါ်မှာမူတည်ပြီး ပြည်ပရောက်ရှိနေကြတဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေ အနေနဲ့စဉ်စားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ အားလုံး လုံလုံခြုံခြုံနဲ့ဒီမိုကရေစီ လွတ်လပ်ခွင့်အတိုင်း နေခွင့်ရတယ်၊ လုပ်ခွင့်ရတယ်ဆိုရင် အပြီးပြန်လာမယ့်လူတွေ လည်းရှိနိုင်သလို အလည်ပြန်လာမယ့် လူတွေလည်း ရှိပါတယ်`“

ပြည်ပက အင်အားစုတွေအများစုကတော့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာခဲ့တဲ့ အစိုးရအပေါ်မှာ ယုံကြည်စိတ်ချမှု နည်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀ကနေလွှတ်ပေးလိုက်ပြီးနောက်၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခဲ့ခြင်းအပြင်မီဒီယာလွတ်လပ်ခွင့်အချို့ပေးလိုက်ခြင်းစတာတွေကြောင့် မြန်မာပြည်   ပြောင်းလဲချင်လာပြီလို့တွက်ဆကြသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒေါက်တာနိုင်အောင်ရဲ့ အမြင်ကိုလည်း သိချငိလို့ မေးခဲ့ပါတယ်။

မေး။       ။ ဟုတ်ကဲ့ပါ။အကို့အနေနဲ့ရော မြန်မာနိုင်ငံက တကယ်ပြောင်းလဲနေပြီလို့စိတ်ထဲကနေ လုံးဝကို ယုံကြည်စိတ်ချလို့ရနိုင်တဲ့အနေအထားတစ်ခု ရောက်ပြီလားရှင့်။

ဖြေ။       ။ ကျနော် မြင်တာကတော့ ပြောင်းလဲနေတဲ့ အစတွေ ခြေလှမ်းတွေ မြင်နေရပြီလို့ ပြောချင်ပါတယ်။နောက်တစ်ခုက အပြောင်းအလဲဆိုတာကလည်း ကျနော်တို့တင်ပြနေတဲ့ အခုပုံစံက ပြီးပြည့်စုံပြီးကောင်းမွန်တယ်ဆိုတာမျိုးကို နတ်ရေကန်ထဲ ပစ်ချသလို ချက်ချင်းတော့ ဘယ်ရနိုင်ပါ့မလဲ။ သို့ပေမဲ့ အဲလိုမျိုး လုပ်တဲ့အခါ အစိုးရကလည်း ထင်သာမြင်သာရှိတဲ့ဟာတွေ လုပ်ဖို့လိုတယ်။နောက် ကျန်နေတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြောချင်တာက ဘာလဲဆိုတော့ အခုလောလောဆယ် လုပ်နေတဲ့ ကိစ္စတွေမှာ ကဏ္ဍပေါင်းစုံကို ဖြည့်စွက်ပြီးတော့ မဟာဗျူဟာကျကျ ဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ မရေးဘူး။နောက် တစ်ဖက်မှာတော့ အပြောင်းအလဲကဦးဆောင်တဲ့အပိုင်းမှာတော့ ဖြစ်နေပြီ၊အခုပြောင်းလဲနေတဲ့ ပေါ်လစီတွေအားလုံးက အောက်ခြေကို   ရောက်မလာသေးဘူး။နောက်ပြီးတော့ အခုအပြောင်းအလဲတွေမှာ ပေါ်လစီတွေ ဖြစ်လာပြီဆိုရင် ဒီပေါ်လစီကို အကောင်အထည်ဖော်မယ့် အထူးသဖြင့် အစိုးရနဲ့ ပတ်သက်တဲ့ ယန္တရားပိုင်းတွေက လုပ်ဟန်တွေပါ ပြောင်းဖို့လိုလာတယ်။
အခုတော့ အဲလိုဟာမျိုးတွေကို မတွေ့ရသေးဘူး၊အခု မီဒီယာလွတ်လပ်ခွင့်တွေရှိလာတယ်၊ ကျွန်တော်တို့ ပြန်လာလို့ရတယ်၊ လွှတ်တော်ဆိုတာလည်း ရှိနေပြီ၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေလည်း ရှိနေပြီ။အရင်တုန်းကလိုမျိုး တဖက်နဲ့ တစ်ဖက်   အပြန်အလှန် တိုက်ခိုက်ပြောဆိုနေရတာမျိုးတွေကနေ တစ်ဖက်နဲ့တစ်ဖက် စကားပြောဆိုမှုတွေ ရှိလာပြီ။

မေး။ ။ဒါကတော့ အစိုးရရဲ့ ပြောင်းလဲခြင်းအစပေါ့နော်၊  ပြည်သူလူထုရဲ့အနေအထားကိုရော ဘယ်လိုမြင်သလဲရှင့်၊ ပြောင်းနေတာမျိုးတွေ သတိပြုမိတာတွေရှိပါသလား။

ဖြေ။ ။ကျနော်ကတော့ ပြည်သူလူထုရဲ့ ဘဝက လက်တွေ့ကျကျ မပြောင်းသေးဘူးလို့ ထင်တယ်။ အဲလိုဟာမှာလည်း အစိုးရကို အပြစ်တင်နေတာထက် တကယ်တမ်းမှာ နေ့ချင်းညချင်း ဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး၊ ဆိုတော့ ဒါတွေအားလုံးကို လက်တွဲလုပ်ကြရမယ်၊အဲဒီလက်တွဲလုပ် ခွင့်တွေရလာပြီ၊ ပေးလာပြီဆိုရင် ပိုပြီးကောင်းလာအောင်  ပြည့်စုံလာအောင်အင်တိုက်အားတိုက် ကျနော်တို့ အင်တိုက်အားတိုက် အတူတူ ကြိုးစားရပါမယ်။

မေး။       ။ အကိုကလည်း အစိုးရပိုင်းမှာ ခုလို အပြောင်းအလဲတွေ စပြောင်းနေပြီလို့ ပြောတော့လေ ခုလိုပြောင်းလဲလာတာ ဘာကြောင့်ပါလဲ။

ဒေါက်တာနိုင်အောင်က တချက် စဉ်းစားသလို လုပ်ပြီး ဒူးကိုပိုက်ထားတဲ့ လက်ကို ရုတ်လိုက်ရင်း ပြန်ဖြေပါတယ်။

ဖြေ။       ။ နှစ်ပိုင်းရှိတယ်၊ ၈၈ ကနေစပြီးတော့ တောက်လျှောက်တောင်းဆိုနေတဲ့ ပြည်သူတွေရဲ့ လိုလားမှု၊ နိုင်ငံရေးအဖွဲအစည်းတွေရဲ့ ကျားကုတ်ကျားခဲနဲ့ ကြိုးစားမှုတွေကြောင့် ပါပါတယ်။ နိုင်ငံတကာက ပံ့ပိုးမှုနဲ့ အစိုးရကိုယ်တိုင်ကလည်း အပြောင်းအလဲကို လုပ်ဖို့အချိန်ရောက်ပြီ၊ ဒီမိုကရေစီကသာလျှင် အဖြေဖြစ်တယ်၊ နောက်ပြီးတော့ ဒီလိုအင်အားစုတွေနဲ့ရန်ဘက်အနေနဲ့ ဆက်ဆံတာထက် လွယ်လွယ်ကူကူနဲ့ပေါင်းသင်းချင်တယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက် ပြောင်းလာတာ အားလုံးတိုက်ဆိုင်ပြီးတော့ ဖြစ်လာတာပါ။ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်။

မေး။       ။ ဟုတ်ကဲ့ပါ၊ အကိုတို့လို ပြည်ပက ဒီမိုကရေစီအင်အားစုတွေနဲ့ ကိုမိုးသီးဇွန်တို့အဖွဲ့အပါအ၀င် အဖွဲ့အစည်းတွေအဖွဲ့တွေကလည်း မြန်မာပြည်အတွက်ကို ပြည်ပကနေ အစိုးရကို တောင်းဆိုတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။အဲဒါတွေပေါင်းပြီး ခုလို အရွေ့တွေဖြစ်လာတယ်ပေါ့နော်၊ အဲဒီထဲကတော့ ဘယ်လိုကိစ္စမျိုးတွေကတော့ အကိုတို့ရဲ့ တောင်းဆိုမှုကြောင့် ထိထိရောက်ရောက်ဖြစ်ရတယ်လို့ ပြောနိုင်တာမျိုးတွေနဲ့ ဘယ်ဟာတွေက ထိရောက်သလဲ၊ ပြီးတော့ ထိရောက်မှုရှိမရှိတွေကို အကို့အနေနဲ့ သုံးသပ်မိတာမျိုးတွေ ရှိပါသလား။ ဘယ်လိုပြန်ပြီးတော့ သုံးသပ်သလဲဆိုတာ သိချင်ပါတယ်။

ဖြေ။       ။ဥပမာဆိုပေါ့ “အခုနိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုပေါ့နော်၊ ကျနော်တို့အနေနဲ့ နိုင်ငံတကာအင်အားစုအားလုံး၊ အစိုးရအပါအဝင်က မြန်မာပြည်နဲ့ ပတ်သက်လို့ရှိရင် ဒါက ပထမဦးဆုံးပြောရမယ့်အချက်၊ တိုင်းတာလို့ရမယ့် အချက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောဆိုချင်ပါတယ်။  ဒီတော့ အကုန်လုံး မလွတ်သေးပေမဲ့လို့ အရေးကြီးတဲ့ခေါင်းဆောင်တွေ  လွတ်မြောက်လာတဲ့ ကိစ္စ္စပေါ့၊ ဒါကလည်း တဆက်တည်းမှာ ပြောချင်တာက အစိုးရကိုရော၊ အခုလိုကူညီပေးတဲ့ မိသားစုတွေကိုရော ကျေးဇူးတင်ပါတယ်။အခုက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပေါ့နော်၊အပြစ်အခတ် ရပ်စဲဖို့၊တွေ့ဆုံဆွေးနွေးဖို့၊ ဒါကလည်း ကျနော်တို့ ကြိုဆိုပါတယ်၊ နောက်တစ်ခုက ကျနောတို့လည်း အပစ်အခတ် ရပ်ဆဲရေးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့ အပြည့်စုံအကောင်းဆုံး မဟုတ်သေးပေမဲ့လို့ ဒီဖြစ်စဉ်လေးကတော့ စနေပြီပေါ့နော်၊ နောက်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း လုပ်နေပြီပေါ့နော်။အဲတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး အဖြေရှာတဲ့အထဲမှာ ပါတယ်လို့သိရတယ်။အဲဒါလေးကလည်း ကောင်းပါတယ်၊ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်၊ ဒီလိုမျိုး ဟာတွေ ဖြစ်ဖို့ကို ကျနော်တို့ ၂၄ နှစ်လုံးလုံး အစိုးရကို ဖိအားပေးဖို့ကိစ္စတွေ၊ နိုင်ငံတကာကို ဖိအားပေးဖို့ကိစ္စတွေ ရှိလာတာ ကောင်းပါတယ်၊ နောက်တစ်ခုက ကျနော်တို့ လူထုအခြေပြုအဖွဲ့အစည်းတွေပေါ့နော်၊ ၁၉၉၉ ခုနှစ်လောက်ကတည်းကစပြီးတော့ အတွင်းအပြင် လူထုအခြေပြုအဖွဲ့အစည်းတွေ ဖြစ်လာဖို့ ကျနော်တို့ နိုင်သမျှနည်းနဲ့ ကြိုးစားခဲ့ရတာတွေ ရှိတယ်၊ မြန်မာမီဒီယာအပါအဝင် လူထုအခြေပြုအဖွဲ့အစည်းတွေကလည်း အခုဆိုရင် အလုပ်သမားတွေ၊ လယ်သမားတွေအတွက် ပုဂ္ဂိုလ်ရေးတွေ တိုက်ပွဲဝင်ကြတယ်၊ ကျောင်းသားတွေကလည်း သမဂ္ဂအဖွဲ့ဆောင်ပြီးလှုပ်ရှားနေကြတယ်ဆိုတော့ အခုဆိုရင် ဒီလိုဟာမျိုးလေးတွေက ဖြစ်လာတယ်ဆိုတဲ့ အပေါ်မှာလည်း ကျနော်တို့ မြင်ရတာ ဝမ်းသာတယ်၊ ကျနောတို့လည်း ဆက်ပြီးတော့ ကြိုးစားမယ်၊ ကျနော်တို့ ပြောချင်တာက အသွင်ကူးပြောင်းရေးကာလမှာပဲ ဖြစ်ဖြစ် ပြီးခဲ့တဲ့ တိုက်ပွဲကာလထဲမှာပဲ ဖြစ်ဖြစ်ကျနော်တို့ ကိုယ်တိုင်က မလိုချင်ဘဲနဲ့ ကျနော်တို့ကိုယ်တိုင်က ဇွဲနဲ့ မကြိုးစားဘဲနဲ့ ဘယ်ဟာကမှ အလကားရလာမှာမဟုတ်ဘူး၊ အဲဒီစိတ်နဲ့ပဲ ကျနော်တို့ ဆက်ကြိုးစားကြအောင်ပါလို့ကျနော် ပြောချင်ပါတယ်။

ဒေါက်တာနိုင်အောင် ဖြေသွားတဲ့အဖြေကလည်း တော်တော်ရှည်ပါတယ်၊ ဒါပေမဲ့ သူ့အမြင်ပွင့်ပွင့်လင်းလင်းသိရဖို့ ကျမအနေနဲ့ ဆက်မေးဖို့ စဉ်းစားပါတယ်။ ကိုယ့်လေသံကိုလည်း သတိထားရင်း ဆက်မေးပါတယ်၊(လေသံကို သတိထားရတယ်ဆိုတာက တခါတရံမှာ ကိုယ်က အပြုသဘောဆောင်တဲ့မေးခွန်းမျိုးမေးပေမဲ့ ကိုယ့်ရဲ့ လေသံကြောင့် အမေးခံရတဲ့သူက တွန်းတဲ့မေးခွန်းလို့ ထင်ပြီး ဘုဖြေတာမျိုးတွေလည်း ရှိတတ်ပါတယ်- အထူးသဖြင့် သတိပြုရမဲ့ မေးခွန်းမေးတိုင်း အမေးတွေကို တလုံးချင်းစီနဲ့ အေးအေးဆေးဆေး ဖြေးဖြေးခြင်း ပြောတတ်အောင်လည်း ကျမ အမြဲသတိထားနေခဲ့ပါတယ်)

မေး။       ။ ကျမအနေနဲ့ ပွင့်ပွင့်လင်းလင်းမေးချင်တယ် အကို။  အခုလက်ရှိပြည်တွင်းက ဒီမိုကရေစီ အင်အားစုနဲ့ ပြည်ပမှာ ရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေမှာ ကြားမှာ အမြင်လွဲနေတာလေးတွေ ရှိနေတော တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းမှာ လုပ်နေတဲ့ လူတွေကျတော့ ငါတို့ ဘဝကို ရင်းပြီးတော့ ထောင်ကျခံပြီးတော့ လုပ်နေကြတယ်၊ ပြည်ပကလူတွေကတော့ အပြင်မှာ အေးအေးဆေးဆေးနေရင်း အော်နေကြတာ ဆိုတာမျိုး အမြင်တွေ၊ပြီးတော့ ခုလို ပွင့်လင်းစ အခြေအနေမျိုးရောက်မှာ ပြည်တွင်းကို ၀င်လာပြီး နေရာယူဖို့ လုပ်နေတယ် ဆိုတာမျိုးတွေ ရှိနေတော့လေ။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့ အသုံးအနှုန်းလေးတွေနဲ့  facebook လို လူမှုကွန်ယက်တွေမှာလည်း ပြောဆိုနေတာလေးတွေကိုလည်း တွေ့နေရတော့လေ။  အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲပြီးတော့ ဘယ်လိုသဘောထားပါသလဲ။

ဖြေ။       ။ဒီမေးခွန်း ကောင်းပါတယ်၊ ကျနော်တို့ အနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံတကာ လေ့လာတဲ့အခါမှာ နိုင်ငံက ပြန်ပွင့်သွားပြီးတော့ အဲလိုမျိုးဖြစ်သွားတဲ့ အချိန်မှာ ကျနော်တို့လို ပြည်ပရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေက ပြန်လာတဲ့အချိန်မှာ အတွင်းအပြင် ဝိရောဓိဖြစ်တာတွေ၊ ပဋိပက္ခဖြစ်တာတွေ၊ အမြဲတမ်း ကြုံရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်က နှစ်ဖက်စလုံးမှာ တစ်ယောက်တစ်မျိုးစီ ရှိကြပါတယ်၊ ဒါပေမဲ့ ကျနော့်အနေနဲ့ပြောချင်တာက ပြည်ပမှာရောက်နေတဲ့ လူတွေ၊ ပြန်လာမဲ့ သူတွေက ကျနော်တို့က ပိုပြီးတော့ စိတ်ရှည်ရမယ်၊ ပိုပြီးတော့ သည်းခံရမယ်၊ ပြီးတော့ ဒီထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက တောက်လျောက်ခေါင်းဆောင်ခဲ့တာတွေအတွက် သူတို့တွေအလုပ်ဆက်လုပ်နိုင်အောင် ကျနော်တို့က ဝိုင်းရံ အသိအမှတ်ပြုပံ့ပိုးကူညီသွားရမယ်၊ ကျနော်တို့ကို နားလည်လက်ခံနိုင်တဲ့ ပုံစံမျိုးဘက်ထဲမှာ ကျနော်တို့ သူတို့ရဲ့ လက်ကမ်းမှုကို သိရမယ်၊ ပူးပေါင်းရှာဖွေမှုကို လုပ်သင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်၊ နောက် ဒီအခွင့်အလန်းချင်း ကွာခြားသွားမှုအပေါ်မှာ ကိုယ့်ဘက်က ရှိတဲ့ ကောင်းချက်တွေရှိတာကို ကျနော်တို့က သူတစ်ပါးအတွက်ကို ခြိမ်းခြောက်တယ်ဆိုတာမျိုးမဖြစ်အောင် ကျနော်တို့ ကြိုးစားသင့်တယ်လို့ကျနော်တို့ထင်ပါတယ်။

ပြီးတော့ သူက ကျမကို တချက်ကြည့်ပြီး ခပ်အေးအေးပဲ ဆက်ပြောတယ်။


 “ဒါကိုလည်း ကျနော်တို့က လေးလေးစားစား တန်ဖိုးထားသင့်တယ်လို့ ထင်ပါတယ်၊ ငါတို့က တိုက်လိုက်ရလို့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ တိုက်ပွဲအတွက်ပဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီပြန်လည်တည်ထောင်ရေးကို စဉ်းစားမယ်ဆိုရင် ကျနော်တို့ ပြောပြောနေကျ အသွင်ကူးပြောင်းရေးဆိုတဲ့ စကားမျိုးနဲ့ ပြောမယ်ဆိုရင် တိုက်ပွဲရဲ့ခေါင်းဆောင်တွေက တစ်ချိန်ချိန်မှာ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အသွင်ပြောင်းကြဖို့လိုတယ်၊ ငါတိုက်လို့ကတော့ ငါဝန်ကြီးချုပ်ဖြစ်ရမယ်၊၊ သမ္မတလုပ်မယ်ဆိုတဲ့ ဖြစ်ချင်လိုမှုရှိတဲ့ အထဲမှာ ကိုယ်ရော ဝန်ကြီးချုပ်လုပ်နိုင်လား၊ ကိုယ်ရော သမ္မတလုပ်နိုင်လားဆိုတာကို စဉ်းစားဖို့လိုတယ်၊ နောက်တစ်ခုက ကျနော်တို့လုပ်တာ တိုင်းပြည်အတွက် လုပ်တာဆိုရင် တိုက်ပွဲဖြစ်တာက တစ်ကဏ္ဍ၊ တိုင်းပြည်အလုပ်ချုပ်တာက တစ်ကဏ္ဍ၊ အဲတော့ ကျနော်တို့နယ်စပ်မှာ နိုင်ငံရေးလုပ်တဲ့ ၂၄ နှစ်လုံး တိုက်ပွဲထဲမှာပဲ ရှိနေတဲ့လူတွေကို အပထား၊ ကျနော်တို့တိုင်းပြည်အပြင်မှာရောက်နေတဲ့ ပညာရှင်တွေ တိုင်းပြည်ကို ပြန်လာလုပ်ဖို့၊ သူတို့က အုပ်ချုပ်တဲ့နေရာတွေ၊ ဦးဆောင်တဲ့ နေရာတွေမှာ သူတို့နဲ့သင့်တော်တယ်ထင်ရင် ကျနော်တို့ နေရာပေးရမယ်ထင်ပါတယ်၊ နောက်တစ်ခုက ကျနော်တို့ အဲလိုမျိုးလုပ်နေတဲ့ လူတွေက မြင့်မြတ်တဲ့ စိတ်မျိုးထားသင့်တယ်လို့ အဲလိုမျိုး မြင်ပါတယ်။

မေး။       ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အကို့အနေနဲ့ရော မြန်မာနိုင်ငံကို ပြန်လာပြီးတော့ ပါတီ တည်ထောင်ဖို့တွေဘာတွေရော ရှိပါသလား။

ဖြေ။       ။ ကျနော့်အနေနဲ့အမှန်အတိုင်းပြောရရင်တော့ ရေရှည် နိုင်ငံရေးလုပ်မယ်ဆိုရင်တော့    ခုလို အသွင်ကူးပြောင်းရေးကာလတွေမှာ လုပ်စရာရှိတဲ့ ကိစ္စတွေ ကျနော်စဉ်းစားထားတာ ရှိတယ်ပေါ့နော်၊ အထူးသဖြင့်တော့ လူထုစွမ်းအား မြင့်လာဖို့ ကိစ္စတွေ၊ နောက်ပြီးတော့ အခြေခံအဖွဲ့အစည်းတွေ အားကောင်းဖို့ကိစ္စတွေ၊နောက်ပြီးတော့ ဒီလိုအပြောင်းအလဲဖြစ်စဉ်တွေထဲမှာ အခုဗျာ လူကြီးတွေက ဆွေးနွေးလာတဲ့ တစ်ချိန်တည်းမှာပဲ လူကြီးတွေပဲ ဆွေးနွေးနေကြတာပဲ မဟုတ်ဘဲနဲ့လူထုကပါ သူတို့ရဲ့ ဆန္ဒတွေ၊ သဘောတွေပါတဲ့ ကိစ္စတွေ တစ်ခုခုလုပ်သင့်ပါတယ်။ အဲလို ကျနော်မြင်တယ်။ ကျနော် က ပါတီတစ်ခုတည်းမှာ သွားလုပ်ဖြစ်မယ်ဆိုရင်တော့ ပါတီကိုလည်း ထိခိုက်နိုင်တယ်၊ နောက်တစ်ခုက အမြင်လည်းစောင်းနိုင်တယ်ဆိုတဲ့ ကိစ္စမျိုး ရှိမယ်ဆိုရင်၊ အဲဒီအခြေအနေမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကျနော် ဘယ်ပါတီထဲမှ မဝင်ပါဘူး။

ဆက်လျက်ဖော်ပြပေးပါမည်။



ကျမရဲ့စာဖတ်သူများ အားလုံးကို လေးစား ခင်မင်လျက်ပါ ရှင်။

မေသင်္ကြန်ဟိန်း

No comments:

Post a Comment