Saturday 8 September 2012

"ဘယ်ရောက်နေမှန်းမသိသော သူခိုးကြီးဖွန် သို့ အရေးပေါ် အကြောင်းကြားစာ"

"အနှစ်(၂၀) မျှ တော်ရာလှန် လုပ်စားလာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
နိုင်ငံရေးသူတောင်းစား ဖြစ်၍နေသည်ကို
တွေ့ ရလေသည်"
(အမည်မသိ ခေတ်စာဆို)

သူခိုးကြီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
"မျက်နှာ"ဆိုတာလည်း
အိမ်သာအိုးလိုပဲ
အမြဲ "ပြောင်"နေအောင် တိုက်နေရတယ်။
မင်းမျက်နှာ ပြောင်တာလည်း
အစ်ကို သိတယ်။
အစ်ကို့မျက်ခွက်အရေပြား မပါးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ အခွက်တွေ
သေးနဲ့အပန်းခံလိုက်ရပြီ။
သူခိုးကြီးရေ
မင်းပြန်လစ်ခဲ့တော့။
မင်းရဲ့ စားကျက်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်မှန်းသိလျက်နဲ့
မျက်နှာပြောင်တိုက်ပြီး
လုပ်စားကွက်လေးများ ရမလားလို့သွားတာ
အခု အခြေအနေမဟန်ဘူးဆိုမှတော့
မင်းပြန်လစ်ခဲ့တော့ ။
၂၄ နှစ်ကြာ စားကျက်ဟောင်းကိုမပြန်နိုင်ခဲ့တဲ့
အဝေးရောက် နွားတစ်ကောင်ရဲ့ 
စားကျက်ပြန်လမ်းဟာ
မြက်ကြမ်းတွေလောက်တော့ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
သဲတရှပ်ရှပ်နဲ့
ငရဲကြီးရှစ်ထပ်ကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
လုပ်စားစရာ မဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းစားကျက်ပြန်လာတာ
အလုပ်လုပ်စားဖို့
ပြန်လာတာမှ မဟုတ်တာ။
မင်းစားကျက်ပြန်လာတာ
သွေးရိုးသားရိုး မျိုးချစ်စိတ်နဲ့
ပြန်လာတာမှ မဟုတ်တာ။
ဒါကြောင့်
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ ဖြစ်နေတာ မဆန်းပါဘူးကွယ် ...
ဒီမှာ သူခိုးကြီး
ရီးပဲ ဘောပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့ မဟာအမှား။
မင်းစဉ်းစားရမယ်
မင်း သောက်သုံးကိုမကျဘူး။
ဒါလေးတောင် မတွေးတတ်ဘူး။
မင်းဟာ
လမ်းဘေး ခွေးသေးပန်း တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ဒေါ်/လာ မြတ်ရမယ်
ဒို/နာ ရှာတတ်ရမယ်။
ငါတို့ ကိုယ်တွေ့ 
ဒေါ်/လာ မမြတ်ရင်
"မတော်ရာ" အဖြတ်ခံရသလိုပဲ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
စားကျက်ကိုပြန်လာမှတော့
မနက်ခင်းကြောင်တောင်
နွားရိုင်းသွင်းချိန်စစ်စစ် ဖြစ်သွားသတဲ့
အခုတော့…
ရီးပဲ ဘောပဲ သူခိုးကြီး။
ဒီကနေ့ 
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ ကို ဖနောင့်နဲ့ထပ်ပေါက်တာ ခံကြရတော့မယ်။
ညီလေးရေ
မြန်မြန်သာ လစ်ခဲ့တော့ဟ။
ကိုယ့်အဝှာကို
ကိုယ့်လျှာနဲ့ ခွေးလိုလျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ယောင်ဆောင်တဲ့ခွေးဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းယောင်ဆောင်တဲ့ အာဏာရူးဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဆိုပြီး လူကြားကောင်းအောင် အော်နေတဲ့ ငပေါဟာ
အစော်ကား ခံခဲ့ရ။
ငါတို့ တွေ
တိုင်းပြည်ကို စွန့် ခွာခဲ့တာ
နိုင်ငံခြားမှာ လုပ်စားကြဖို့ ပါ။
အခုတော့
အနေအစားချောင်မလားလို့ ဂွင်လာရှာတဲ့သူကို
ဖနောင့်နဲ့ ဆီးပေါက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်" ကို ဖျက်မယ့်လူကို
အက်စစ်နဲ့ လှမ်းပက်ခဲ့ကြလို့
နဂိုက ပျက်နေတဲ့ရုပ် ဘီလူးနဲ့တူသွားပြီ ...
အခြေအနေမဟန်ဘူး ညီလေးရေ
ပြန်လစ်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
ကိုယ်ကျိုးတကယ်စွန့်ခဲ့တဲ့ နိုင်ငံရေးသမားစစ်စစ်တွေနဲ့
တကယ်လက်တွဲပြီး
တိုင်းပြည်အကျိုး သယ်ပိုးဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ပြည်သူကို အမှန်အတိုင်းတင်ပြနေတဲ့
စတုတ္ထမဏ္ဍိုင်တွေရဲ့ မေးခွန်းကို
ဖြေဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အစစ်အမှန် ငြိမ်းချမ်းရေးအတွက်
အနစ်နာခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
သူခိုးများ ပြန်လည်ရှင်သန်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုဗန်းပြနဲ့ သူ့အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းနာမည်ကြီးရေးဆီကိုပဲ။
မင်းသွားတာ
လုပ်စားဖို့ ခွင်လေးတွေရှိတဲ့ဆီကိုပဲ။
အမယ်မင်း ...
အခုတော့
ဂွင်(ခွင်)လေး "ဝေး" သွားလေခြင်း။
ပုဆိုးမနိုင်
ပုဝါမနိုင်နဲ့ ပြေးရလေခြင်း။
ပြည်တော်ဝင် အင်းခမျာ
ပုဆိုးဆွဲချွတ် ခံလိုက်ရရှာပြီ။
ညီလေးရေ
မင်း အမြန်လစ်ခဲ့တော့
မင်းကို သူတို့ 
ကြိုးစင် တင်ကြတော့မယ်။
မင်းတို့ လုပ်ခဲ့တဲ့နိုင်ငံရေးကလည်း
ပြေးနိုင်မှ လွတ်မှာမဟုတ်လား။
အမကြီးက
Proposal ကိုကြိုက်သတဲ့လား။
အမကြီးက
နိုင်ငံရေးခွက်ပျောက်တွေကိုမှ ပေါင်းသတဲ့လား။
ခက်တာပဲ သူခိုးကြီးရာ
မင်းကလည်း အပြေးကောင်းတော့ ထောင်မကျဖူး
(ငါကလည်း ကြောက်တတ်တော့ လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်မှာ အသံကောင်းဟစ်
မင်းလို ကျောင်းသားတပ်မတော် နှစ်ခြမ်းခွဲသူဟောင်း
မင်းလို လူသတ်တရားခံ
မင်းလို နေရာတကာ ဆရာကြီးလုပ်ရမှ ကျေနပ်တဲ့ကောင်
ဒေါင်းယောင်ဆောင်နေတဲ့ ကျီးမည်းမည်းကြီးတစ်ကောင်ကိုတောင်
စော်ကားရဲတာ ဘာမှ မဆန်းဘူး ဆိုတာ မင်းသိမှတော့ ....
ဟေ့ကောင် သူခိုးကြီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ကဗျာတောင် ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်တဲ့
ပါမွှားကောင်ဆို
ရှူရှူးနဲ့ တောင် ကော့ပြီးပန်းကြတော့မယ်။
ငါ မပြန်ရဲတော့ဘူး
သူခိုးကြီးရေ။
အမှန်တွေသိကုန်တဲ့ ရန်ကုန်မှာ
ငါ မခိုလှုံရဲတော့ဘူး။
သစ္စာတရားတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့ အိမ်ပြန်လမ်းမှာ
"ခေါင်ရမ်းပန်း" မပွင့်တာ
ငါ ရင်နာတယ်။
အမြန်လစ်ခဲ့တော့
ညီလေးရေ။
ရန်ကုန်သစ္စာအရပ်ကို
ထားခဲ့တော့။
တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
အစဉ်အလာတွေကိုတော့
မင်း အရင်အတိုင်း
ဖျက်ဆီးခဲ့ဦး။
မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့ 
အဘဦးတင်ဦးတို့ 
ဆရာဦးဝင်းတင်တို့ ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့ တောင်သွားမချိုင်လေနဲ့ ။
တခါ သွားချိုင်မိလို့ မင်းသောက်ကျိုးနည်းပြီး
မြောင်းထဲရောက်ခဲ့တာ
မှတ်မိသေးရဲ့ မဟုတ်လား။
မင်းကိုယ်တိုင်လို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ကြတော့မယ်။
တချိုးတည်းသာ လစ်ခဲ့ပေတော့။
"ငါပါတယ်၊ ငါချဉ်တယ်၊ ငါဆရာကြီးလုပ်မယ်"
ရှစ်ဆယ့်ရှစ်အယောင်ဆောင် သူရူးတယောက်ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
ခွေးပြေးဝက်ပြေး နေရာမရ ဖြစ်နေရှာတာပဲ ...
သြ- ဟိုတယောက်
မင်းလည်းပါသကိုး။
သြ- ဟိုလူကြီး
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲမှာ သွေးမရှိဘူး
ဂွင်ပဲရှိတယ်လို့ 
ငါတို့ မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာမရေးတတ်ရေးတတ်နဲ့ ရေးတဲ့ ကျနီးအမြင်)
ဗမာ့ရာဇဝင်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ ဂွင်မရှိတော့ဘူး။
ဝေးသွားပြီ ညီလေး။
တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
ဂွင်ပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
ဂွင်ပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့ အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ဒေါ်လာနိုင်ငံရေး။
ဒိုနာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ ပါးစပ်တွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။
ညီလေး
စားကျက်လွမ်းစိတ်ထက်
သူတောင်းစားစိတ်က
သပိတ်ဝင်အိတ်ဝင် ပဲကွာ။
(ငါတို့လို) အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
သူခိုးကြီးရေ
ကိုယ့်ဒစ်ကိုပဲ
ကိုယ် ဆက်ကိုင်ကြရုံ။
ကိုယ့် လထစ်ကိုပဲ
ကိုယ် ဆက်ကိုက်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းအကြောင်း ကောင်းကောင်းသိနေတဲ့
အရပ်က
အမြန်လစ်ခဲ့တော့ ညီလေးရေ။
သူခိုးကြီးဖွန်
ရှစ်ဆယ့်ရှစ်မှာ
နေရာဝင်ယူခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့ပဲ။
သူခိုးကြီးဖွန်
ကျောင်းသားတပ်မတော်မှာ
ဆရာကြီးဝင်လုပ်ပြီး လူသတ်ခဲ့၊ နှစ်ခြမ်းခွဲခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့ ပဲ။
သူခိုးကြီးဖွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့ နဲ့ 
(ဟိုလူတွေက အကြောင်းမသိသေးလို့) တွေ့ ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့ ပဲ။
ညီလေးရေ
မင်းစွန်လွှတ်ခဲ့သမျှဟာ
အခုလို "ကြိုးလွတ်" ဖို့သက်သက်။
ညီလေးရေ
မင်း ခွက်ပျောက်ခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က လူတွေ
ဟားဖို့ သက်သက်။
ညီလေးရေ
မင်း မဟုတ်တမ်းရား လျှောက်ပြောခဲ့သမျှဟာလည်း
ဂျာနယ်တွေထဲ သောက်ရှက်ကွဲဖို့သက်သက်။
အမြန်လစ်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
ငါ့ပေးလိုက်ရင် ပြီးရော-တဲ့။
အဲဒီလို စိတ်ထဲတွေးနေတဲ့လူမျိုးက
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီးအမည်ခံနေမှတော့
တို့ ဗမာ့နိုင်ငံရေးလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
လူတိုင်းတော့ မဟုတ်
တချို့ ပေါင်းစားချင်တဲ့ဂျာနယ်တွေ
မင်းရဲ့ စားကျက်ပြန်လမ်းကို
သွားရည်တမြားမြားနဲ့ ဘေးတီးပေးကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့ ။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့ ။
လဒမှန်ရင်
အမြဲတမ်း ကိုယ့်အလံ ကိုယ်ပြန်ခိုးတယ်။
လဒူ သောက်ရူးမှန်ရင်
အမြဲတမ်း ညီညွတ်ရေးကို ဖြိုခွဲတယ်။
ဒါတွေကို အခု လူတွေအားလုံး သိသွားကြပါပြီ။
အမေရိကန်ရောက်နေတဲ့ ကဗျာဆရာကြီးရဲ့
ကဗျာ့စွမ်းရည်ကိုတော့
အားနာတယ်။
ပြည်ပက နိုင်ငံရေးဆိုတာ
ရန်သူကို ကိုယ့်သခင်ဖြစ်အောင်
မိတ်ဆွေကို ဒိုနာဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့ 
ညီလေး။
ဝမ်းချုပ်ရင် ကျန်းမာရေး ထိခိုက်လို့
အရင်လို အီးလေးတောင် မှန်မှန်မပေါက်နိုင်ဖြစ်သွားမယ်။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ပါးရိုက်ခံရဖို့ သေချာတယ်။
ကိုယ်ချင်းစာတရားက
တစ်ခြမ်းပဲ ရှိရဲ့ ။
မမကြီးက
အဝေးရောက် အင်အားစုတွေကို ချစ်သတဲ့လား။
မမကြီးက
ပြည်ပက လှုပ်ရှားမှုတွေကို သိပ်ချစ်တာပဲတဲ့လား။
တိုက်ပွဲကကော
အထဲမှာ ခွင်ရှိမှ ရှိသေးတာ ဟုတ်ရဲ့ လား။
သူခိုးကြီးရေ
ရီးပဲ ဘောပဲ ဝှေးစိပဲကွာ
မင်းသောက်သုံးမကျလို့ အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့ 
အရိပ်သုံးပါးနားမလည်ဘဲ
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
ခွင်လေးဘာလေး မှန်တဲ့အထိပေါ့။
အခုတော့
မင်းရဲ့ သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့ လက်ထဲမှာ
ခွေးသေ ဝက်သေ ထားခဲ့မယ်ဆိုပြီး
စပျဉ်သီးလေး ချဉ်ပြလိုက်ပေါ့ကွာ။
ငါတို့ ညီအစ်ကိုတွေ
နယူးယောက်မြို့ 
မင်ဟတ်တန်မြစ်ထဲက
ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူတောင်းစားသွားကြတာပေါ့ ကွာ။
မင်းသေတော့လည်း
ပုဆိုးစုတ်ပတ်ပြီး
ငါ စိုစိုပြေပြေ သင်္ဂြိုဟ်ပေးမှာပေါ့ ။
ငါသေရင်လည်း
ဖျာစုတ်ပတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့ ။
မသာစားရိတ်လည်း ထုံးစံအတိုင်း
ဦးရာလူ ဘုန်းကြတာပေါ့ကွာ။
တောင်းစားဖို့ ခွက်ပျောက်လို့
ဂွင်ဝေးပြီး
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ဆဋ္ဌမ ဗမာနိုင်ငံတော်" ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
လုပ်စားစရာလေးတွေတော့
မပြတ်လောက်ပါဘူးကွာ။
အခုတောင် ငါ ခွက်ပျောက်နေလို့
မင်း ဘုန်းတော်ဘွဲ့လေး ရေးနေရတာ
အလိုက်သိပါ ညီလေးရာ။

သူခိုးကြီးရေ
ညီလေးရေ
အမြန်ဆုံးပြန်လစ်ခဲ့တော့
အခြေအနေမကောင်းဘူး။
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်တဲ့။
မင်းကို
အမှန်တရားချစ်မြတ်နိုးသူတို့ က
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သူတောင်းစားတစ်ယောက်ကို
ဖနောင့်နဲ့သာ ပေါက်ထုတ်ပါတော့။ ။

ကျနီး
(စက်တင်ဘာ ၆-၂၀၁၂)

ခက်ဆစ်။
ဒိုနာ = Donor
 
ref:FB

No comments:

Post a Comment