Saturday 22 September 2012

အရစ်ကျကားရောင်းချမှု လူနည်းစုသာ ၀ယ်ယူနိုင်

ကားကုမ္ပဏီများမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို အရစ်ကျစနစ်ဖြင့်ရောင်းချမှုရှိသော်လည်း ၀ယ်ယူသူများအတွက် အရစ် ကျစနစ်ဖြင့် ငွေပေး ချေမှုမှာ သာမန်လခစားဝန်ထမ်းများ၏ ၀င်ငွေဖြင့်နှိုင်း ယှဉ်ပါက ၀ယ်ယူနိုင်ရန် ရာခိုင်နှုန်း အနည်းငယ်သာ ရှိခြင်း ကြောင့် အခြေခံလူတန်းစားအများစု၏ ပျမ်းမျှဝင်ငွေပေါ်မူတည်၍ ၀ယ်ယူနိုင်မည့် အရစ်ကျစနစ်ကို ဆောင်ရွက်ပေးသင့်ကြောင်း လခ စားဝန် ထမ်းများနှင့် ကား ၀ယ်ရောင်းများက ပြောသည်။
"ကားပြပွဲတွင် တစ်ခုပြီးတစ်ခု ဆက် တိုက်လုပ်လာတယ်။ အရောင်းပြခန်း တွေမှာကလည်း ဈေးကြီးတဲ့ အချိန်ကစ လို့ အခုခေါက်ချိုး ကျသွားတဲ့အချိန်အထိ ဈေးနှုန်းအမျိုးမျိုးမိပြီး ၀ယ်ယူတင်သွင်း ထားတဲ့အတွက်ကြောင့် ငွေကြေးအရ ပြောရင် နစ်နာမှုတွေ ရှိမှာပါပဲ။ သူတို့ တွေကတော့ ပြခန်းတွေမှာ ပုံနေတဲ့ ကား တွေကို ၀ယ်သူတွေ စိတ်ဝင်စားနိုင်မယ့် ပုံစံအမျိုးမျိုးနဲ့ ကြေညာပြီး အရစ်ကျစနစ် နဲ့ ရောင်းတာ သုံးလနီးပါးလောက်ပဲ ရှိသေးတယ်"ဟု ကားပြပွဲသို့ သွားရောက် လေ့လာခဲ့ သည့်   ဆေးကုမ္ပဏီဝန်ထမ်း ကိုမင်းထက်ဦးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင် သော လုပ်ငန်းရှင်တစ်ဦးကလည်း " MCC က ကားပြပွဲမှာ လုပ်ငန်းသုံးယာဉ် တစ်စီး အရစ်ကျ ၀ယ်မလို့ သွားကြည့်ဖြစ် တယ်။ ကနဦးငွေ သိန်း ၃၀ လောက် ပေးရ မယ်။ ကျန်တဲ့ငွေကို အထက်နဲ့ ချိတ်ပြီး တော့ အရစ်ကျပေးသွင်း ရမယ်။ အဲဒီ အထိ ကောင်းနေသေး တယ်။ အ၀င်မှာ ငွေချေးဖို့အတွက် စာရွက်စာတမ်း ပိုင်ဆိုင်မှု အထောက်အထားပြရတယ်။ အဲဒီမှာ   ပြဿနာလေးနည်းနည်း ရှိလာ တယ်။ ကျွန်တော်က တောင်ဥက္ကလာပ သုမင်္ဂလာလမ်း မကြီးပေါ်မှာ နေတယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အိမ်ဝယ်ယူတဲ့အခါမှာ ပေ ၂၀ မပြည့်ဘူး။ အိမ်ဂရန်က မိတ္တူပေါ့။ တောင်ဥက္ကလာပ မြေက ပေ ၂၀ ကွက်တွေ များ တယ်။ အရင်တုန်းက မပြေလည်ခဲ့လို့ မြေကို တစ်ခြမ်းစီပိုင်းပြီး ရောင်းချခဲ့ကြတယ်။ လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ရောင်းနေတယ်။ ပေ ၂၀ မပြည့်ဘူးဆိုပေမယ့် ကာလတန်ကြေးနဲ့ တွက်ရင် လမ်းမတန်းဖြစ်တဲ့အတွက် သိန်းထောင်ဂဏန်းလောက် ပေါက် တယ်။ ဒါပေမယ့် ဂရန်အစစ်မပြနိုင်တဲ့ အတွက်ကြောင့် ဘဏ်ကနေ တစ်ဆင့် ၀ယ်ယူဖို့ မဖြစ်တော့ဘူး။ ကားဝယ်ဖို့ ကိစ္စပျက် သွားတယ်။ အဓိက အကြောင်း အရင်းကဘာလဲ။ ကာလပေါက်ဈေးနဲ့ တွက်ရင်တောင် သိန်းထောင်ဂဏန်း   လောက် တန်နေတဲ့ နေရာ တစ်ခုကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က သိန်းရာကျော်တန်ကားကိုဝယ်ယူဖို့ ဘဏ် စနစ်နဲ့လုပ်ကိုင်ရတာ အဆင်မပြေတာ ဟာ ကျွန်တော်တို့ဆီမှာ သိပ်မဖွံ့ဖြိုးသေး တာပါ။ ဒီကိစ္စက ကျွန်တော်တို့လို အိမ် ပိုင်ဆိုင်တဲ့သူတွေ အရစ်ကျစနစ်နဲ့ ၀ယ်မယ်ဆိုရင် ကြုံရ မှာပါ"ဟု ၎င်း၏ အမြင်ကို ပြောသည်။

ကားပြပွဲသို့ လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုအေးတင်ကလည်း "အခု ရောင်းနေတဲ့ အရစ်ကျစနစ်က လူတော် တော်များများ ၀ယ်နိုင်ဖို့မရှိဘူး။ လူ အနည်းစုအတွက်ပဲ ကောင်းနိုင်တယ်။ ကနဦးမှာ တန်ဖိုးရဲ့ ၃၀ ဒါမှမဟုတ် ၃၅ ရာခိုင်နှုန်း အရင်ပေးရမယ်။ ပြီး တော့ ကျန်တဲ့ငွေကို အချိန်ကာလအပိုင်း အခြားနဲ့ အပြီးသွင်းရမယ်ဆိုတော့ ကား တစ်စီးပိုင်နိုင်ဖို့ဆိုတာ အခြေခံလူတန်း စားတွေရတဲ့ ၀င်ငွေနဲ့ တွက်ရင် အိပ်မက် သာသာပဲ ရှိတယ်"ဟု ပြောသည်။

မန္တလေးတွင်ပြုလုပ်သော ကားပြပွဲသို့ သွားရောက်လေ့လာခဲ့သူတစ်ဦးကလည်း "မန္တလေးမှာလုပ်တဲ့ ကားပြပွဲကို သွားကြည့်ဖြစ်တယ်။ ဒီလပထမပတ်မှာ စလုပ်တာပါ။ အဲဒီမှာ အားမာန်သစ်က မီနီဗင်ကားတွေကို ပထမအရစ် ၃၅ ရာခိုင်နှုန်းသွင်းပြီး ကျန်တဲ့ငွေကို သုံးနှစ် အရစ်ကျစနစ်နဲ့   ရောင်းနေတာ တွေ့ရ တယ်။ ပထမအရစ်က ၂၈ သိန်းလောက် ကျမယ်။ ကျန်တဲ့ဟာက တစ်လကို ၁၈၀,၀၀၀ ဘဏ် သွင်းစနစ်နဲ့ပေါ့။ ၀ယ် တဲ့လူများပါတယ်"ဟု ပြောသည်။

အရစ်ကျစနစ်ဖြင့်ဝယ်ယူမှု စတင် အကောင်အထည်ဖော်ရာ၌ အိမ်ရာများ၊ တယ်လီဖုန်းများနှင့် ကားများဝယ်ယူမှု တွင် ပြုလုပ်ခဲ့သော် လည်း အရစ်ကျစနစ် ၏ ပေးသွင်းရမည့် ငွေပမာဏမှာ မြင့် မား နေခြင်းကြောင့် လူအများစုဝယ်ယူ နိုင်ရန်ခက်ခဲသဖြင့် လက်ရှိနှုန်း ထား များကို ထပ်မံဖြေလျှော့ခြင်း၊   နှစ်ရှည် စနစ်ဖြင့်စီစဉ်ပေးခြင်းမျိုးတို့ကို ပြုလုပ် ပေးသင့်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုဦးက ပြောသည်။

၎င်းက ပြည်ပနိုင်ငံအများစုတွင် နိုင်ငံသားများအား အရစ်ကျစနစ်ဖြင့် နေအိမ်၊ ကား၊ အသုံးအဆောင်ပစ္စည်း များ ၀ယ်ယူမှုမှာ လွန်ခဲ့ သော ၁၀ စုနှစ် များအတွင်းမှ စတင်ခါ ခေတ်စားလာခဲ့ ပြီး နိုင်ငံသားများ အနေဖြင့်အလုပ် အကိုင်နှင့် လုပ်ငန်းဝင်ငွေတို့အပေါ် မူ တည်၍သော် လည်းကောင်း၊ ယခု ရောက်ရှိနေ သည့် အသက်အရွယ်နှင့် လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ သော်လည်းကောင်း လူတန်းစေ့နေထိုင် ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက် ပေးနေမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ပြောသည်။

ပြည်တွင်း၌လည်း နိုင်ငံသားတို့၏ ၀င်ငွေပေါ်မူတည်၍ နှစ်ရှည်အရစ်ကျ ၀ယ်ယူနိုင်သည့် အခွင့်အလမ်း များစွာ ဖြစ်ထွန်းပေါ်ပေါက်၍ လိုအပ်ကြောင်း နှင့် ပြည်သူများလူနေမှုဘ၀မြှင့်တင်ပေး ရာတွင် စီးပွားရေးလုပ်ငန်းရှင်အများစု လည်း တစ်တပ်တစ်အားပါဝင်သင့် ကြောင်းလည်း ၎င်းက ပြောသည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ ပြည်တွင်းမှ သာမန်လူတစ်ဦး ရရှိသည့် ၀င်ငွေပမာဏမှာ အလွန်နည်းပါးခြင်း ကြောင့် လက်ရှိဆောင် ရွက်လျက်ရှိသော အရစ်ကျစနစ်မှာ လူလတ်တန်းစားများ အတွက်ပင် အတော်ကြိုးစားရုန်းကန်ရ မည့် အနေအထားတွင်ရှိနေခြင်း ကြောင့် လူအများစုတတ်နိုင်သည့် နှုန်းထားများ ဖြင့်သာ အရစ်ကျစနစ်ကို အကောင် အထည်ဖော်သင့်ကြောင်း ၎င်းက ပြောသည်။

ref: The Myanmar Times

No comments:

Post a Comment