Saturday 18 August 2012

ကိုရီးယားရဲ့ဟန်နှင့် မြန်မာတို့၏မာန်

တောင်ကိုရီးယားနိုင်ငံတလျှောက် တသွင်သွင်စီးဆင်းလျက်ရှိတဲ့မြစ်ပြင်ကျယ်ကြီးကို ဟန်မြစ် လို့ခေါ်ပါ တယ်။ ဟန်မြစ် ဆိုတာ တကယ်တမ်းတော့ ကိုရီးယားမြစ်လို့ မြန်မာလိုခေါ်လို့ရပါတယ်။  ကိုရီးယားတွင် ဟန်ဂူလ်း၊ ဟန်ဂျာ၊ ဟန်ဂုဂ်..စသဖြင့် ဟန်ဟာကိုရီးယားကို ကိုယ်စားပြုတဲ့ စာလုံးတစ်လုံးအဖြစ် ကိုရီးယား စာတွေထဲမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ တကယ်တော့ ဟန်မြစ်ဟာ မြန်မာနိုင်ငံက ဧရာဝတီမြစ်နဲ့ တူတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဟန်မြစ်စတင်ဖြစ်ပေါ်လာတာ ကတော့ တောင်ကိုရီးယားဘက် မှာရှိတဲ့ တောင် ဟန်မြစ်နဲ့ မြောက်ကိုရီးယားဘက်မှာရှိတဲ့ မြောက်ဟန်မြစ်တဲ့ပေါင်းဆုံရာကနေ စတင်ြ ဖစ်ေ ပါ် လာတာပါ။
ယခင်ကိုရီးယားတစ်နိုင်ငံတည်းအဖြစ် ရှိစဉ်တုန်းကတော့ ကိုရီးယားတောင် ပိုင်းမြစ်လက်တက် နဲ့ မြောက်ပိုင်းမြစ်လက်တက်တို့ ပေါင်းဆုံရာက စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုကြမယ်ထင်ပါတယ်။ ခုတော့ မြောက်ဘက်ကမြစ်က မြောက်ကိုရီးယားဘက်ခြမ်းမှာရှိပြီး တောင်ဘက်ကမြစ်ကတော့ တောင်ကိုရီးယားဘက်မှာ တည်ရှိနေတဲ့အတွက် ဒီဘက်ကငါ့ဟာ၊ အဲ့ဒီဘက်ကမင်းဟာ ဆိုတဲ့ပုံစံတွေဖြစ်ကုန်ကြပါတော့တယ်။

ဒါလေးကို မြန်မာနိုင်ငံအတွက် ချိန်ထိုးလို့စဉ်းစားကြည့်မယ်ဆိုရင် ယခုလိုအချိန်မှာသာ တရားဥပဒေ စိုးမိုးရေး ကို တင်းတင်းကြပ်ကြပ် မလုပ်ဆောင်နိုင် ဘူးဆိုရင် နောင်တစ် ချိန်မှာ မေခနဲ့မလိခ မြစ်နှစ်သွယ် ဟာ လည်း တစ်ဘက်ကရိုဟင်ဂျာပိုင် တာ၊ တစ်ဘက်ကတရုတ် ကပိုင်တဲ့အခြမ်းထဲ မှာ ဆိုတာ မျိုးတွေ ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အမျိုး၊ဘာသာ၊သာသနာ၊ ယဉ်ကျေး မှုတွေ မပျောက် ပျက် ဖို့ဆို တာ နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းမှာ တာဝန်အပြည့်ရှိပါတယ်။ သူများအော်တိုင်း လိုက် မယောင်ကြဖို့ ဟာ အလွန်အရေးကြီးပါတယ်။                      

လူမျိုးတစ်မျိုးတည်းကနေ နိုင်ငံနှစ်နိုင်ငံဖြစ်နေတဲ့ ကိုရီးယားတွေဟာ မြန်မာတွေကို မြင်ရင်အလွန် အံ့သြကြ ပါတယ်။ သူတို့လူမျိုးတွေအားလုံးဟာ မျက်စိပေါက်ကျဉ်းကျဉ်း၊ အသားအရည်ဝင်းဝင်း တစ်မျိုး တည်းရှိပေမယ့် မြန်မာလူမျိုးကတော့ ၁၃၅ မျိုးခန့်ရှိတဲ့ မျက်နှာပေါက်စုံလင်သော လူမျိုးပေါင်းစုံရှိနေတာပါ။ တစ်ခါက ပါမောက္ခတွေနဲ့ ဒင်နာစားရင် ဆရာတစ်ယောက်က စိတ်ဝင်တစားမေးလာပါတယ် မင်းတို့နိုင်ငံ ကလူတွေက တရုတ်နဲ့လည်းတူတယ် ကုလားနဲ့လည်း တူတယ်နော်တဲ့။ ဟုတ်ပါတယ်လို့ မယုံတော့မရှိပါနဲ့ ကျွန်တော်တို့က လူမျိုးပေါင်း ၁၃၅ မျိုးတောင်ရှိတယ်လို့ဆိုတော့ တော်တော်အံ့သြသွားပါတော့တယ်။
                            

မြန်မာနိုင်ငံက ဧရာဝတီဟာ ရာဇ၀င်သမိုင်းအဆက်ဆက်မှာ စစ်ချီစစ်တက်၊ စိုက်ပျိုးမွေးမြူရေးတွေအတွက် အကျိုးပြုခဲ့သလို ဟန်မြစ်ဟာလည်း ကိုရီးယားရဲ့ သမိုင်းကြောင်းမှာ အရေးပါခဲ့ ပါတယ်။ မြောက်ကိုရီး ယားက တောင်ကိုရီးယားကို ကျူးကျော်မှုစတင်ခဲ့တဲ့အချိန်မှာ ဟန်မြစ်တစ်လျှောက် ကနေ ဆိုးလ်မြို့နား ကိုချဉ်းကပ်လာတဲ့အခါမှာ တောင်ကိုရီးယားဘက်ကနေ ဆည်တစ်ခုကိုဖောက်ခွဲလို့ ဟန့်တားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီကရေကာတာကြီးများကိုလည်း မဟာမိတ်တို့ က လေယာဉ်တွေနဲ့ ဗုံးကြဲဖောက်ခွဲကြ ပါတယ်။ 


ဆည်ကျိုးတာနဲ့ လူနေအိမ်ခြေမြောက်များစွာ သေကြေပျက်စီးပြီး မြေဧကများစွာရေလွှမ်းမိုးသွားမှာမို့ ဂျာမနီကဆည်ကာတာတွေကို လေယာဉ်ပေါင်းများစွာနဲ့ ရေကာတာခွင်းနိုင်မယ့် ဗုံး (ထူလွန်းတဲ့အတွက် သာမာန်မပေါက်လို့ ရေထဲကိုပစ်ချပြီး ရေအောက်ရောက်မှ အရှိန်ပြင်းပြင်းပေါက်ကွဲစေကာ Shock Wave လို့ခေါ်တဲ့ ကြီးမားတဲ့လှိုင်းဂယက်ကြီးဖြစ်ပေါ်စေကာ ထိုအားဖြင့်နံရံကိုတွန်းလှဲတဲ့ဗုံး) ကို တကူးတက တီထွင် ကာ လေယာဉ်ပစ်အမြောက်များချထားတဲ့နေရာကို အသေခံဝင်လို့ ဗုံးကြဲကြပါတယ်။ (ဂျာမနီက လည်း ဗုံးကြဲနိုင်တယ်ဆိုတာ တွက်မိပြီးသားမို့ အရေးကြီးတဲ့ဆည်တွေမှာ အစောင့်တွေချထားပြီးသားပါ။)

ဒီလိုအချက်တွေသမိုင်းမှာရှိခဲ့တာကြောင့် ဧရာဝတီမြစ်ဆုံမှာ ဧရာမဆည်ကြီးဆောက်ပြီး သူတစ်ပါး တိုင်းပြည်လက်ထဲကို နှင်းအပ်ထားမယ်လို့စဉ်းစားတာဟာ ပညာမဲ့လွန်းလှပါတယ်။ လူတစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ခုမိတ်ဆွေဖြစ်ပေမယ့် နောင်ဘာဖြစ်မယ်ဆိုတာ သိနိုင်တာမဟုတ်ပါဘူး။ လူမျိုးတစ် မျိုးတည်းရှိတဲ့ ကိုရီးယားတောင် နှစ်နိုင်ငံကွဲနေသေးတာကိုကြည့်ရင်လူမျိုးပေါင်း များစွာ ရှိတဲ့မြန်မာနိုင်ငံအတွက် စည်းလုံးရေးဟာ ဘယ်လောက်ခက်မယ်ဆိုတာ ခန့်မှန်းကြည့်ပါ။ ဂျပန်ကိုတိုက် ထုတ်အပြီးမှာ ရုတ်တရက်မြောက်ပိုင်းကို ၀င်ရောက်သိမ်းပိုက်လိုက်တဲ့ ဆိုဗီယက်ရုရှားရဲ့ လုပ်ရပ် အကျိုးဆက် ကို ကိုရီးယားနှစ်နိုင်ငံ ခံစားနေရဆဲဖြစ်သလို ဗြိတိသျှတို့စနက်နဲ့ ခေါင်းဆောင်ကောင်းတွေကို သတ်ဖြတ်လုပ်ကြံခံခဲ့ရတဲ့ အကျိုးဆက်ကိုလည်း မြန်မာနိုင်ငံဟာယခုအချိန်ထိ ပြည်တွင်းစစ်တစ်ခုအဖြစ် ရင်ဆိုင်နေရဆဲပါ။

မြစ်တစ်မြစ်ဆိုတာ မနေ့တစ်နေ့က ထဖြစ်ချင်လို့ရတာမဟုတ်ပါ ဘူး။ မြစ် တစ်မြစ်ဖြစ်ပေါ် ဖို့ နှစ်သန်းပေါင်း များစွာ အချိန်ယူရသလို ထိုမြစ်တစ်စင်း ဆက်လက်စီး ဆင်းနေဖို့ဆိုတာ လည်း ခေတ်အဆက်ဆက် ကမျိုး ဆက်တွေ တာဝန်ကျေမှသာဖြစ်နိုင်ပါတယ်။ ကိုယ့်ရှေ့ကလူတွေ တာဝန်ကျေခဲ့လို့ ဧရာဝတီမြစ်တစ် စင်း ဖြစ်ထွန်းလျက်ရှိနေတာကို ကိုယ့်လက်ထဲရောက်မှ ထိုးချေခံလိုက်ရမယ်ဆိုတာ သမိုင်းမှာ ရှက်စ ရာကောင်း လှပါတယ်။

မြန်မာနိုင်ငံကဧရာဝတီနဲ့ ဖြစ်ပေါ်ပုံချင်း၊ ရာဇ၀င်အသွားအလာချင်း ခပ်ဆင်ဆင်တူပေမယ့် သူတို့ပေါ်မှာ အလေးပေး ဆက်ဆံခံရပုံချင်းမှာတော့ ဟန်နဲ့ဧရာဝတီဟာ မိုးနဲ့မြေလို ကွာခြားပါတော့တယ်။ ရာဇ၀င် သမိုင်း မှာ မာန်ဟုန်ပြင်းလှတဲ့ ဧရာဝတီမြစ်ရိုးတလျှောက်ဟာ ညစ်ကြေးစုတ်ပျက်လို့ စွန့်ပစ်ခြင်းခံရတဲ့ အပယ်ခံတစ်ယောက်လိုဖြစ်နေပေမဲ့ တောင်ကိုရီးယားရဲ့ဟန်ကတော့ မြစ်ရိုးတလျှောက်ဘယ်နေရာဖြစ်ဖြစ် တိုင်းသူပြည်သားတို့နားခိုရာ အပန်းဖြေထိုင်ခုံ၊ မြစ်ကမ်းနဘေးများ သပ်သပ်ရပ်ရပ်၊ မြစ်ရိုးတလျှောက်လုံး စက်ဘီးစီးသွားမလား၊ အိမ်သာခပ်လှမ်းလှမ်းတိုင်းချထားပေးလို့ မြစ်ရိုးတလျှောက်လုံး လူတွေတ ရုံးရုံးဖြစ် လို့နေပါတယ်။

လူတွေဟာ ပိုင်ဆိုင်ချင်ကြပေမယ့် ပိုင်ဆိုင်မှုကို တန်ဖိုးမထားတတ်ကြပါဘူး။ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ ကိုသာ တန်ဖိုးမထားချင်မထားလို့ရပေမယ့် သဘာဝကပေးအပ်ထားတာကို တန်ဖိုးထားကိုထားရပါမယ်။ ဒီလိုတန်ဖိုးထားတတ် တဲ့စိတ်ဟာ လူတွေကို တိရစ္ဆာန်တွေထက် သာစေတဲ့အချက် တစ်ချက် လည်း ဖြစ်ပါ တယ်။ မိမိအတွက် အတ္တမာန်မာနတွေ အစဉ်အမြဲပြင်းထန်နေကြသလို အမျိုးဂုဏ်ဇာတိ ဂုဏ် မြင့်မားဖို့နဲ့ ဇာတိသွေးဇာတိမာန်ပြဖို့အတွက် မိမိတို့ပိုင်ဆိုင်ထားတဲ့ အမွေတစ်ခုဖြစ်တဲ့ ရာဇ၀င်ထဲကသတို့သမီး ကိုတော့ ဟန်လောက်မချစ်ကြရင်နေပါ မာန်လေးနဲနဲနဲ့ဖြစ်ဖြစ် ပြင်ဆင်ပေးကြစေချင်ပါတယ်။


မောင်မျိုး(စက်မှု) 

မှတ်ချက်။   ။ မြန်မာမှာ လူမျိုးပေါင်း ၁၃၉ မျိုးရှိတယ်ဆိုတဲ့ အဆိုတွေလည်းရှိပါတယ်။ ဒါပေမယ့် ဘယ်လိုဟာမျိုးကို လူမျိုးလို့ခေါ်မလဲဆိုတာကလည်း စည်းမျဉ်းအတိအကျလုပ်ဖို့ လိုအပ်နေသေးတယ် ထင်ပါတယ်။ ဒါတွေ သေချာသတ်မှတ်ပြီးမှ ပြန်လည်သုတေသန လုပ်ဖို့လိုပါလိမ့်မယ်။
မြန်မာတွေရဲ့မာန် - တစ်ခါကတော့ ကိုရီးယား SK Telecom က အရာရှိတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူကခုလိုပြောလာပါတယ် ခင်ဗျားတို့ မြန်မာတွေက ဆင်းသာဆင်းရဲတာနော် မာနတော့အကြီးသားပဲ။ တစ်ချိန်ကအာရှမှာ အရမ်းချမ်းသာခဲ့ကြလို့ ထင်တယ် လို့ပြောပါတယ်။ ဟုတ်ပါတယ် ကိုရီးယားလူမျိုးတွေဟာ လိုချင်ရင် ရဖို့ပဲလိုတယ်ဆိုတဲ့ လူမျိုးတွေပါ။ ပေးဆပ်မှုက အရေးမကြီးပါဘူး။ (ကိုယ့်လူမျိုးထဲလည်း ဒီလိုလူတွေ ရှိတော့ရှိတာပါပဲ)။ ဒီလိုတွေကြောင့် ပေးဆပ်မှုတွေများပြီး ထိပ်ဆုံးရောက်အောင်လုပ်၊ ပြီးမှငယ်ကျိုးငယ်နာတွေပေါ်လို့ နာမည်ကြီးသမ္မတတွေကအစ၊ မင်းသားမင်းသမီး အဆုံး  ကိုယ့်ကိုယ်ကို အဆုံးစီရင် ကြတော့တာပါပဲ။

ref:komyo

No comments:

Post a Comment