Sunday 26 August 2012

ဆီးရီးယား အစိုးရ ဓာတု လက်နက် သုံးပါက စစ်ရေးဖြင့် တိုက်ခိုက်မည် ဟု အိုဘားမား သတိပေး


ကာလအားဖြင့် တစ်နှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်သော ဆီးရီးယား ပဋိပက္ခတွင် ဆီးရီးယား အစိုးရက ဓာတု လက်နက်များကို အသုံးပြုလာပါက အမေရိကန်သည် စစ်ရေးနည်းဖြင့် ၀င်ရောက် တိုက်ခိုက်သည့် နည်းလမ်းကို စဉ်းစားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက သတိပေး ပြောကြား လိုက်သည်။

လက်ရှိ အချိန်တွင် ဆီးရီးယား၌ အစိုးရနှင့် သူပုန်တပ်ဖွဲ့များ တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားနေသော်လည်း အမေရိကန် အနေဖြင့် စစ်ရေးနည်းဖြင့် ၀င်ရောက် တိုက်ခိုက်ခြင်း ပြုလုပ်သွားမည် မဟုတ်ဘဲ ဆီးရီးယား အစိုးရကသာ ဓာတုလက်နက်များကို အသုံးပြုခဲ့ပါက အမေရိကန်သည် စစ်ရေး နည်းဖြင့် ၀င်ရောက် တိုက်ခိုက်ခြင်းကို စဉ်းစား သွားမည်ဟု အိုဘားမားက သတိပေး ပြောကြား လိုက်ခြင်း ဖြစ်သည်။
“ဆီးရီးယား အစိုးရရဲ့ ဓာတု လက်နက်တွေ တပ်ဖြန့် ချထားတာပဲ ဖြစ်ဖြစ်၊ အသုံးပြုတာပဲ ဖြစ်ဖြစ် ဒီကိစ္စ ဟာ အစ္စရေး အပါအ၀င် ဒေသတွင်း နိုင်ငံတွေ အတွက် စိုးရိမ်စရာဖြစ်လာပါ ပြီ။ ဒီတော့ ကျွန်တော်တို့အတွက် လည်း စိုးရိမ်စရာ ဖြစ်လာတာပါပဲ” ဟု သမ္မတ အိမ်ဖြူတော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် တစ်ဦးကို အမေရိကန် သမ္မတ အိုဘားမား က ပြောကြားလိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဆီးရီးယား၌ အစိုးရနှင့် သူပုန်တပ် အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက် ရှိပြီး အကယ်၍ ဆီးရီးယား ပြည်တွင်းရေးကို နိုင်ငံခြားက စစ်ရေးဖြင့် ၀င်ရောက် စွက်ဖက် ပါက ဆီးရီးယားသည် ဓာတုလက်နက် များ အသုံးပြုမည်ဟု ဆီးရီးယား သမ္မတ အာဆတ်က လွန်ခဲ့သော လပိုင်းက သတိပေး ပြောကြားထားသည်။
ဆီးရီးယားသည် ကမ္ဘာ့ စတုတ္ထ အများဆုံးသော ဓာတု လက်နက်များ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ အဆိုပါ ဓာတုလက်နက်များကို ဆီးရီးယား ပြည်တွင်း၌ လုံးဝ အသုံးပြုမည် မဟုတ် ဟုလည်း လွန်ခဲ့သော လက ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။
သို့သော် မကြာသေးခင်က အမေရိကန် အစိုးရ ရရှိခဲ့သော အတည် မပြုနိုင် သည့် သတင်း အချက်အလက် များအရ ဆီးရီးယား အစိုးရသည် ဓာတု လက်နက် များကို နိုင်ငံအတွင်း ဖြန့်ကြက် ချထားလျက်ရှိကြောင်း ၀ါရှင်တန်ရှိ ဘီဘီစီ သတင်းထောက် ကင်ဂတ်က ပြောကြား သည်။

No comments:

Post a Comment