ဒါမျိုးတွေ ၀င်လည်း မပြောချင်ဘူး။ ၀င်လည်း မရေးချင်ပါဘူး။ သောက်ပျင်းကြီးသူပီပီ ကျွန်တော့်ဟာ ကျွန်တော် အေးအေးနေလို့ရရင် ပြီးတာပါပဲလို့ နေလာခဲ့တာလည်း ကြာပါပြီ။ ဘယ်လောက်ထိ နေလာခဲ့သလဲဆို ဧရာဝတီမြစ်ဆုံက ဆည်ကိစ္စဆိုရင် ကျွန်တော် လုံးဝ ၀င်မပါခဲ့ပါဘူး။ ဆည်ဆောက်တဲ့ ကိစ္စအပေါ် နည်းပညာပိုင်းအရ ကျွန်တော်နားမလည်တာကလည်း တပိုင်းဖြစ်သလို မြစ်ကြီးပျက်စီးလာတာကို ဘာမှ မတတ်နိုင်လို့ လက်ပိုက်ကြည့်နေရတာလည်း ဖြစ်ပါတယ်။ သိသင့်သိထိုက်တာတွေကိုတော့ ကျွန်တော် လေ့လာဖြစ်ခဲ့ပါတယ်။ ကြိုက်တာတွေ မကြိုက်တာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ ဖြစ်စေချင်ပါတယ်။
အခု ဘီဘီစီနဲ့ ရိုဟင်ဂျာကိစ္စကတော့ တော်တော်လေး သောက်မြင်ကတ်ဖို့ ကောင်းပါတယ်။ မျက်စေ့ စပါးမွှေးလည်း စူးပါတယ်။ ဘီဘီစီက စပြီး ကွိုင်ရှာတာဖြစ်ပေမယ့် တကယ့်တကယ် သောက်မြင်ကတ်ဖို့ ပိုကောင်းတာကတော့ အခြားအခြားသော မီဒီယာဆိုတဲ့ဟာများပဲ ဖြစ်ပါတယ်။ ဘီဘီစီထံကို တမိနစ်တယောက်နှုန်းလောက် ၀ိုင်းပြောနေကြတာကို ကျွန်တော်လို သတင်းဖတ်ဖို့ ပျင်းတဲ့ကောင်တောင် သိတဲ့အချိန်မှာ အပ်ကျတာကအစသိကြတဲ့ မီဒီယာတွေ ဘာဆိုဘာမှ မသိဘူးဆိုတာ နည်းနည်းတော့ ဗြောင်ကျလွန်းနေပါတယ်။ ဒိထက်ပိုဆိုးတာက အခြားအခြားသော ကိစ္စတွေမှာ အသားကုန် အသံကောင်းဟစ်ခဲ့ကြသူတွေ ဒီကိစ္စမှာ နှာစေးပြနေတာတော့ ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ မဆိုင်သလိုပဲ နေလိုက်ကြတော့မယ်လို့ သံဓိဌာန်ချထားပုံလည်း ပေါ်ပါတယ်။ နိုင်ငံကို ချစ်ပြ ပြည်သူကို ချစ်ပြခဲ့သူတွေ ဒီရိုဟင်ဂျာတွေကို ပို၍များ ချစ်ပြနေရော့သလားလို့လည်း တွေးမိပါတယ်။ သူတို့ ဘာတွေများ အလုပ်များနေခဲ့ပါလိမ့်။ ငါးမိနစ်လောက်လေး အချိန်ပေးလိုက်ရုံနဲ့ ဒီကိစ္စကို သိနိုင်မြင်နိုင်ကြပါတယ်။ ဒီငါးမိနစ်လောက်လေးတောင် သူတို့မှာ အချိန်မရှိတော့တာလား။
ကျွန်တော်က ဘာမှတော့ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို ဘာလို့များ ၀ိုင်းပြီး မမြင်ကွယ်ရာပြုနေကြသလဲဆိုတာ သိချင်ရုံသက်သက်ပါပဲ။ မသိချင်ယောင်ဆောင်နေကြသူတွေ ဒီကိစ္စကို ဒီအတိုင်းလေး ဘယ်လို အပြီးခံမလဲဆိုတာလည်း စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ တသက်လုံး ကောင်းပြလာသူတွေ၊ ကောင်းချင်ယောင်ဆောင်လာသူတွေ ဒီအချက်တချက်မှာ ပဲကြီးလှော်ကြား ဆားမညပ်ချင်လို့ ခပ်ဝေးဝေးရှောင်နေကြတယ်ဆိုတာ သိသာပါတယ်။ ဒါဟာ မြန်မာနိုင်ငံကြီးကို တကယ်ချစ်နေတာလား။ ကိုယ့် ဂုဏ်သိက္ခာကို ကိုယ်ချစ်နေတာလား။ ကိုယ်ရထားတဲ့ နေရာတခုကို ချစ်နေတာလား။ ကိုယ့်နောက်ကွယ်မှာ ဆိတ်မဆိတ်နေဖို့ ဓားထောက်ခံထားရတာလား။ ဒီလိုလူတွေရဲ့ ခေါင်းဆောင်မှုနောက်မှာ ကျွန်တော်တို့ ဘယ်လိုတိုင်းပြည်မျိုးကို မြင်ချင်နေကြတာလဲ။ ဒီမိုကရေစီဆိုတာ မြင်ချင်ရာကို မြင်ပြီး မမြင်ချင်ရာကို မမြင်တဲ့ စနစ်ကြီးလားလို့လည်း တွေးမိပါတယ်။
ကျွန်တော့်ကို သဘောတူလို့ရပါတယ်။ မတူလည်းရပါတယ်။ ဆဲချင်လည်း ဆဲသွားပါ။ ချဲချင်လည်း ချဲသွားပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်နယ်တခုကို သတင်းတပုဒ်နဲ့ ခပ်လွယ်လွယ် သိမ်းယူခဲ့တယ်ဆိုတဲ့ သမိုင်းစာအုပ်ကို ကျွန်တော် မဖတ်ချင်ပါဘူး။ဒါ့ကြောင့်လည်း သောက်မြင်ကတ်ခံပြီး ဒီစာကို ရေးပါတယ်။ ဒီလူထုခေါင်းဆောင်တွေ လူထုကို စေတနာထားတဲ့လူတွေ တမင်တကာ တာဝန်မခံရဲတာမို့ မမြင်ချင်ယောင်ဆောင်နေတာ မဟုတ်ပါစေနဲ့လို့လည်း ဆန္ဒပြုလိုက်ပါတယ်။
အားလုံး စိတ်ရှည်ရှည်ထားပြီး ၀ိုင်းဖြေရှင်းရင် ဘယ်လိုကိစ္စမျိုးမဆို ပြေလည်သွားမှာပါ။ ဘီဘီစီအနေနဲ့လည်း စေတနာအမှားပဲဖြစ်ဖြစ် တမင်ရည်ရွယ်တဲ့ အမှားပဲဖြစ်ဖြစ် သတ္တိရှိရှိ ရင်ဆိုင်သင့်ပါတယ်။ ကျန်တဲ့ သတင်းဌာနတွေ အနေနဲ့ကလည်း ငါတို့ဘက် လှည့်လာမှာစိုးလို့ ငြိမ်နေတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ရှင်းတန်တာတော့ ၀ိုင်းရှင်းကြရမှာပါ။
ကျွန်တော်ကတော့ မှားသွားရင်လည်း တောင်းပန်ဖို့ ၀န်လေးနေမယ် မဟုတ်ပါဘူး။
ကိုဖြိုး

No comments:
Post a Comment