(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တယ်ဗျာ။ ပြည်သူလူထု ဆိုတာ အားလုံး သိကြတဲ့ အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက် ခံယူချက်ပေါင်းစုံ၊ ရည်ရွယ်ချက် မျှော်မှန်းချက် ပေါင်းစုံ၊ နောက်ခံ ကားပေါင်းစုံ ရှိကြတဲ့ လူတွေ ပါဝင်တယ်ဗျ။ အဲဒီလို လူပေါင်းစုံကို ကိုယ်စားပြု နိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိက ထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲ ဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာ စကားချင်း၊ ယုံကြည်မှုချင်း မတူတဲ့ အခြားသူတွေ အပေါ် စိတ်ရှည် သည်းခံမှု မရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါတယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ် လောင်လောင် အော်ဟစ် နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့် ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။
တစ်ရောင်တည်းခြယ်မဟုတ်
သမိုင်း အဆက်ဆက် ပန်းချီ ဆရာကျော်ကြီးတွေရဲ့ သမိုင်း တင်လောက်တဲ့ ဘယ်ပန်းချီကားမှ ဆေးရောင် တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်သွင်းပေါင်းစပ် ဖွဲ့စည်းရေးဆွဲ ထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီ ဆိုတာလည်း 'မတူကွဲပြား ခြားနားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု' (Unity of Diversities) ဖြစ်တယ်ဗျ။ 'ငါနဲ့မတူ ငါ့ရန်သူ' အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြို လှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ 'ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ' ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီ ဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။
လေထဲဆောက်တဲ့အိမ်တွေ ပြိုကုန်ပြီ
ပန်းပေါင်းတစ်ရာ ပွင့်စရာ မလိုဘူး။ တစ်ပွင့်တည်းပွင့်ရင် လုံလောက်တယ်။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ရှိစရာ မလိုဘူး။ တစ်ဂိုဏ်းထဲရှိရင် လုံလောက်တယ်ဆိုတဲ့ အတွေးအခေါ်ပိုင်ရှင်တွေ တည်ဆောက်ခဲ့တဲ့ ကမ္ဘာလောကတွေ ဘာဖြစ်သွားခဲ့ကြသလဲ။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၆၂ နဲ့ ၁၉၈၈ အကြား တည်ရှိခဲ့တဲ့ အရှေ့ ဥရောပနဲ့ ဗဟိုအာရှ ဒေသမှာ ၁၉၁၇ နဲ့ ၁၉၉၁ အကြား တည်ရှိခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် ကမ္ဘာလောကတွေ ဘယ်လို ဖြစ်သွားခဲ့ကြသလဲ။ ထာဝရ မပျက်စီး နိုင်တော့ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခြင်း ခံခဲ့ကြရတဲ့ အဲဒီ ကမ္ဘာလောကကြီးတွေ 'တိမ်တစ်ခဲနက် ရှုရင်းပျက်' ဆိုသလို တစ်မုဟုတ်ချင်း ပြိုကျပျက်စီး သွားခဲ့ကြတယ် မဟုတ်လား။ အခုဆိုရင် အာရပ်ကမ္ဘာမှာလည်း အဲဒီ လေထဲ ဆောက်ထားတဲ့ တိုက်အိမ်ကြီးတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေကြပြီ မဟုတ်လား။
အဲဒီဖြစ်ရပ်တွေ အားလုံးက ကျွန်တော်တို့ လူသားတွေကို အယူအဆ မတူသူတွေအကြား တစ်ဦးပေါ်တစ်ဦး သည်းခံ စိတ်ရှည်တဲ့ အလေ့အထ ပြန့်ပွားထွန်းကား လာအောင် ဆုံးမသွန်သင် နေတယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။
လက်သီးက သေနတ်ထက် တော်သေးတယ်
အယူအဆ မတူသူတွေ အကြား ငြင်းကြခုန်ကြ၊ အော်ကြ ဟစ်ကြ တာတွေ ရှိကြမှာ သဘာဝပဲဗျ။ အဲဒီလိုဖြစ်တာ တွေကို 'အကွဲအပြဲ ဇာတ်လမ်းတွေ' လို့ အမည်တပ်ချင် တပ်နိုင်ပေမယ့် အကွဲအပြဲ ဇာတ်လမ်းတိုင်းဟာ လူ့အဖွဲ့အစည်း အတွက် အနုတ် လက္ခဏာ ဆောင်တာတော့ မဟုတ်ဘူးဗျာ။ ဒီမိုကရေစီရဲ့ သဘာဝကိုက မတူကွဲပြား ခြားနားတာ ဖြစ်တယ် မဟုတ်လားဗျ။ ဂျပန်နိုင်ငံရဲ့ လွှတ်တော်မှာ အမတ်တွေ အချင်းချင်း မကြာခဏ ထိုးကြ ကြိတ်ကြတဲ့ သတင်းတွေ ကျွန်တော်တို့ အရင်က မကြာမကြာ ကြားခဲ့ကြရ တယ်ဗျာ။ တစ်လောတုန်းကပဲ အင်ဒိုလွှတ်တော်မှာလည်း အမတ်တွေ ထိုးကြကြိတ်ကြတဲ့ သတင်း ဖတ်လိုက်ရ သေးတယ်ဗျ။ ဒီလိုဖြစ်တာ တွေဟာ မသင့်တော်ဘူး ဆိုပေမယ့် လက်သီးချင်း ထိုးတာဟာ သေနတ်ချင်း ပစ်တာထက်တော့ တော်ပါသေးတယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေက သဘောထားနိုင်ဖို့ လိုတယ်ဗျ။ လွှတ်တော် အမတ်တွေ လက်သီးချင်း ထိုးရကောင်းလား ဆိုပြီး အာဏာပိုင်တွေက အမတ်တွေကိုဖမ်း၊ လွှတ်တော်ကို ဖျက်သိမ်း၊ ဒီမိုကရေစီ စနစ်ကို နိဂုံး ချုပ်လိုက်မယ် ဆိုရင် ရန်ပွဲတွေက ချုပ်ငြိမ်း သွားမှာတော့ မဟုတ်ဘူး။ စစ်မြေပြင်ဆီ ရွှေ့သွား ကြမှာပဲ ဖြစ်တယ်။ လက်သီးတွေ အစား ကျည်ဆန်တွေ အသုံးပြုလာကြမှာပဲ ဖြစ်တယ်ဗျာ။ ဒါမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေ ဟာလည်း ဗဟုသုတ ရှိထားပြီး ဖြစ်ကြတယ်ဗျ။
အပြစ်အနာအဆာကို မြင်ဝံ့ ပြင်ဝံ့ရမယ်
အဲဒီတော့ ဒီမိုကရေစီ စနစ်မှာ အယူအဆ မတူကွဲပြား ခြားနားမှုတွေဟာ ဖိနှိပ် နှိပ်ကွပ်ပစ်ရမယ့် အရာတွေ မဟုတ်ဘူး။ ဟန့်တား ပိတ်ဆို့ရမယ့် အရာတွေ မဟုတ်ဘူး။ တိုက်တွန်း၊ အားပေးရမယ့် အရာအရာတွေ ဖြစ်တယ်ဗျ။ မိမိပါတီ အကျိုးထက် တိုင်းပြည်အကျိုးကို တကယ်ပဲ ဦးစားပေးတဲ့ ပါတီတစ်ခုအတွက် အားကောင်းတဲ့ အတိုက်အခံ ဆိုတာ ဆန့်ကျင် တွန်းဖယ်ရမယ့် အရာမဟုတ်ဘူး။ ကြိုဆို ထွေးပိုက်ရမယ့် အရာ ဖြစ်တယ်ဗျ။ မိမိ ခန္ဓာကိုယ်ပေါ်က အပြစ်အနာ အဆာတွေကို မြင်ဝံ့ပြင်ဝံ့သူ တစ်ယောက်ဟာ ပို၍ ပို၍ ကြည်လင်တဲ့ ကြေးမုံတစ်ချပ်ကို လိုလား တောင့်တသလိုပဲ ပေါ့ဗျာ။
မောင်ဝံသ
No comments:
Post a Comment