Friday 21 October 2011

ရယ်ဒီကယ်တွေကို မေ့လိုက်တော့

ဒဂုံသား
အခုတစ်လော နိုင်ငံရေး အပြောင်း အလဲတွေက မြန်လွန်း လှသဖြင့် ဒဂုံသားတို့ ဘာမှ မရေးနိုင် ဖြစ်ခဲ့ရသည်။ ဖြစ်နေသမျှ သတင်းတွေကို လိုက်ဖတ်ရလို့ပင် မလောက်။ ဘာပဲဖြစ်ဖြစ် အခု အခြေအနေ အားလုံးကို သုံးသပ် လိုက်လျှင် အခြေခံဥပဒေ ဘောင်ထဲကနေ အလုပ်လုပ်လို့ ရနိုင်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ င်ခဲ့သည့် ပါတီများ၊ ထိုကဲ့သို ရွေးကောက်ပွဲ ၀င်ရန် ထောက်ခံ ရေးသား အားပေးခဲ့သူများ မှန်သည် ဆိုတာတော့ ထင်ရှားလာပြီ ဖြစ်သည်။ ဟိုအချိန်တုန်း ကတော့ ဒီလူတွေကို စစ်တပ်နဲ့ ပေးစားခဲ့ကြပြီး အမျိုးသား သစ္စာဖောက် စာရင်းတောင် သွင်းခဲ့ကြသည်။ သားအရွယ် လောက် လူများက အဖိုး အရွယ်လောက် နိုင်ငံရေး သမားကြီးများကို အင်တာနက်ပေါ်မှာ ရစရာ မရှိအောင် ဖဲ့ခဲ့ကြသည်။ ကွန်ပြူတာ တစ်လုံးနဲ့ တော်လှန်ရေး လုပ်နေသူများက ရွေးကောက်ပွဲ ပျက်အောင် လက်နက်ကိုင် တိုက်ပွဲ ဆင်ကြစို့ဟု လှုံ့ဆော်ရင်း တပ်ပေါင်းစု ရန်ပုံငွေ ကောက်ခဲ့တာလည်း မှတ်မိသေးသည်။ အခုတော့ အဲဒီ တပ်ပေါင်းစု အသံလည်း မကြားရတော့၊ ငွေတွေလည်း ပလုံ ဖြစ်ကုန်ပြီ ထင်သည်။
မတ်လ ၃၀ ရက်နေ့ အစိုးရသစ် ပေါ်လာပြီးနောက် အပြောင်းအလဲ တွေက အားလုံးသိပြီး ဖြစ်၍ ပြန်မပြော ပြတော့ပါ။ သို့သော် ဒီအပြောင်း အလဲတွေက ရလာသည့် လွတ်လပ်မှုတွေကို ပြည်တွင်းမှာ ပျော်ပျော်ကြီး အသုံးချ နေသူများ ထဲတွင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ စစ်ကျွန်ဘဲ ဆက်ဖြစ်နေမှာဟု ပြောဆိုခဲ့သူတွေက ရှေ့ဆုံးက ပါနေတာကို တွေ့ရတာလည်း တရားကျဖို့ ကောင်းသည်။ တစ်ခါတစ်ခါ ကျတော့လည်း ဒီလူတွေကပင် ဒီအစိုးရ လက်ထက်မှာ တိုးတက်မှု နှေးတယ်၊ အားမရဘူး ဆိုပြီး ပြောတာ တွေလည်း ကြားရသည်။ သို့သော် သူတို့ အဲဒီလို ပြောတာတွေကို ဂျာနယ်တွေပေါ်မှာ ဖော်ပြခွင့်ရ တာ၊ ပြည်ပ မီဒီယာတွေ အပေါ်မှာ ပြောလို့ ဘာမှအရေးယူမခံရတာတွေသည်ပင်လျှင် တိုးတက်မှု ဖြစ်သည် ကိုတော့ မြင်ပုံ မရကြပါ။ အစိုးရနှင့် စကားပြောနေသူ ဒေါ်အောင်ဆန်းစုကြည် ကိုပင် မသိမသာ ပုတ်ခတ် ပြောဆိုသည် အထိ လုပ်တာ၊ ဒေါ်အောင်ဆန်း စုကြည်က လေပြည် ထိုးနေချိန်မှာ နောက်က ဗိန်းဗောင်း တီးတာတွေ လုပ်နေတာလည်း တွေ့ရသည်။
တကယ်တော့ ဒီအပြောင်းအလဲများ အတွက် အဓိက ကျေးဇူးတင် ရမည့်သူတွေက အစိုးရနှင့် လွှတ်တော်ကို ထိန်းချုပ် ထားသည့် ပြည်ခိုင်ဖြိုး ပါတီတို့အနေဖြင့် သူတို့ စတင် လုပ်ဆောင် လိုသည့် အပြောင်းအလဲများ၊ ပွင့်လင်းမှုများသည် အန္တရာယ် မဟုတ်ကြောင်း လက်ခံလာအောင် အားပေးခဲ့သည့် လွှတ်တော် တွင်းရောက် နိုင်ငံရေး ပါတီများနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့သာ ဖြစ်သည်။
ထို့ပြင် အခုအချိန်တွင် ပြန်တွေးမိသော အတွေး တစ်ခုလည်း ရှိသေးသည်။ ပညာရှင်တွေ ကတော့ သမိုင်းကို လေ့လာရင် အကယ်၍သာ ဆိုတဲ့ မေးခွန်း မမေးနဲ့လို့ ဆိုသည်။ သို့သော် ရွေးကောက်ပွဲ မတိုင်မီ အင်န်အယ်လ်ဒီ ပါတီ မှတ်ပုံတင် သင့်မသင့် စဉ်းစားနေချိန်မှာ ရွေးကောက်ပွဲ ဝင်လိုသည့် ဦးခင်မောင်ဆွေ တို့သာ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ရှင်းပြခွင့် ရလျှင် ဆိုသည့် အတွေးက အမြဲ ဝင်လာသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်ပ ဆက်သွယ်ရေး လမ်းကြောင်းသည် ရွေးကောက်ပွဲ လမ်းကြောင်းကို သဘော မတူသည့် ဦးဉာဏ်ဝင်း (အောင်ထက် အဆို ဦးဝင်းတင်- ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် ဝင်း- ဝင်း ဂိုဏ်း) နှင့် ပြည်ပ ရေဒီယိုများသာ ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်သာ သဘောထား အမြင် အမျိုးမျိုးကို နားထောင်ခွင့် ရလျှင် ဘာတွေ ဖြစ်လာမည် ဆိုသည်ကို မှန်းဆမိသည်။ အင်န်အယ်လ်ဒီသာ ရွေးကောက်ပွဲ ဝင်ခဲ့လျှင် အင်န်ဒီအက်ဖ်ထက် အခြေအနေ ကောင်းမှာ သေချာသည်။ ဒါဆိုရင် လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် ပိုရှိမည်။ အဲဒီလို အခြေအနေနှင့် ရွေးကောက်ပွဲပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့် အခြေအနေ၊ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တို့ ပေါင်းစပ် လိုက်နိုင်လျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အခုထက် ပိုပြီး ရင်ခုန်စရာ ဖြစ်ပေလိမ့်မည်။ အင်္ဂလိပ်ပေးသည့် လွတ်လပ်ရေးသည် အတုအယောင် လွတ်လပ်ရေးသာ ဖြစ်ရမည် ဆိုသည့် လက်ဝဲ ရယ်ဒီကယ်များလို လူတွေကြောင့် အခွင့်ကောင်း တစ်ခု လက်လွတ်ခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ အခုရနေသည့် အခွင့်အရေးကို အသုံးချ နိုင်ဖို့သာ လိုသည်။ အသုံးချဖို့ဆိုသည်မှာ အရေး အကြီးဆုံးက အစိုးရ အနေဖြင့် အခုလှမ်းနေသည့် ခြေလှမ်းများကို ယုံယုံကြည်ကြည်နဲ့ ဆက်လှမ်းဖို့ အားပေးရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သွားနေသည်မှာ ဒီပုံအတိုင်း ဖြစ်သည်။ အမေရိကန်နှင့် အီးယူက အခုနောက်ပိုင်း အစိုးရ၏ လုပ်ဆောင်ချက် များကို သိသာ ထင်ရှားသော တိုးတက်မှု၊ အပြုသဘော ဆောင်သည့် တိုးတက်မှု စသည့် စကားလုံး များဖြင့် ပြောဆိုနေခြင်း မှာလည်း ထိုသဘောသာ ဖြစ်သည်။ လူ့သဘော သဘာဝကလည်း မိမိ လုပ်ဆောင်ချက်ကို အသိအမှတ် ပြုလျှင် အားတက်သည်၊ ယုံကြည်မှု ပိုရှိလာသည် မဟုတ်ပါလား။
သို့သော် ပြည်တွင်းက ရဲရဲတောက် တော်လှန်ရေး သမားများကတော့ အစိုးရကို ပုတ်ခတ်ပြီး လက်ခုတ်သံ ချူယူရမှ တော်လှန်ရေးလို့ ထင်နေတုန်း ဖြစ်သည်။ တစ်ဦးကတော့ အစိုးရကို ပြောချင်ပြော၊ ပြည်ပက အဖွဲ့အစည်းတွေ ကိုတော့ လှောင်တာ၊ ဝေဖန်တာ မလုပ်ပါနဲ့ဟု ပြောင်ပြောတာလည်း တွေ့ရသည်။ ဒီအပြောတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြန်လာဖို့ မဖြစ်နိုင်၊ အစိုးရ အဖွဲ့ထဲက တင်းမာသူတွေ အတွက်ပဲ အကြောင်းပြချက် ကောင်းရဖို့ ရှိသည်။
ယခုအချိန်သည် တိုင်းပြည်အတွက် အရေးကြီးဆုံး အချိန်သို့ ရောက်နေပြီ ဖြစ်သည်။ မိမိသဘော ပြောရလျှင် အပြောင်းအလဲ ဖြစ်ဖို့ လုပ်ရာတွင် အရှိန်ထက် နောက်ပြန် မလှည့်သွားဖို့၊ ခလုတ် တိုက်မလဲဖို့က အရေးကြီးသည်။ ဒီလိုအချိန်မှာ ရယ်ဒီကယ် သမားများရဲ့ ရဲရဲတောက် လေလုန်းတွေက အကျိုးရှိဖို့ထက် အကျိုးယုတ်ဖို့သာ ရှိသည်။ ပြီးခဲ့သည့် နှစ်နှစ်ဆယ်ကျော် ကာလမှာ ဒီအပြောမျိုးတွေ အဖန်တရာ ကြေအောင် ကြားခဲ့ရပြီးပြီ။ ဒါပေမယ့် အခု အပြောင်းအလဲ တွေက အဲဒီ စကား လုံးတွေကြောင့် ဖြစ်လာတာ မဟုတ်ဘူး ဆိုတာ လူတိုင်း သိနိုင်ပါသည်။ ဒါ့ကြောင့် ရယ်ဒီကယ် သမားများရဲ့ လက်ခုတ်သံ ချူသော စကားလုံးများ၊ အစွန်းရောက် သဘောတရား တွေမှာ နားမယောင်ဘဲ အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ သွားနေသည့် လမ်းကြောင်းအတိုင်း လိုက်ဖို့က အရေး အကြီးဆုံး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူလုပ်နေတာ မအောင်မြင်ဘူး ဆိုလျှင် ပြောမည်ဟု ကတိပေးထားပြီး ဖြစ်ရာ သူမက အလုပ်ဖြစ်နိုင်မည်ဟု ယုံကြည်သော လမ်းကြောင်း အတိုင်း လုပ်ကြဖို့လိုပါသည်။ ရယ်ဒီကယ်တွေ မေ့လိုက်ကြပါ။ သမိုင်းမှာ သူတို့အတွက် နေရာ မရှိတော့ ဆိုသည်ကို မြင်ဖို့ လိုပါသည်။
ဒဂုံသား

No comments:

Post a Comment