Tuesday 27 September 2011

ယုံကြည်ပါသည် မြန်မာပြည်

မြန်မာနိုင်ငံသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ် ပေါ်ထွန်းရေးအတွက် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ၂၀၀၃ ခုနှစ်က ကြေညာ ခဲ့အပြီး အဆင့်အလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ပါတီစုံ ပါလီမန် ဒီမိုကရေစီ စနစ်အရ အစိုးရသစ် ကို ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ ပြည်သူတို့က ရွေးချယ် တင်မြှောက်ပေး ခဲ့သော အစိုးရ အနေဖြင့်လည်း ယခုအခါ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် အစည်းအဝေးများ ကျင်းပ ပြုလုပ်ကာ ပြည်သူတို့၏ လိုအပ်ချက်များနှင့် လိုလားချက်များကို လွှတ်တော်တွင်း ဆွေးနွေး နေကြပြီ ဖြစ်သကဲ့သို့ အကျဉ်း သားများအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများကို တိုးမြှင့်ပေးခြင်းနှင့် အတိုးနှုန်း များ လျှော့ချပေးခြင်း အပါအ၀င် အပြုသဘော ဆောင်သော အပြောင်းအလဲအချို့နှင့် အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံ ဆွေးနွေးမှုများကို တွေ့ရှိနေရသည်မှာ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး၏ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေုပြီဟု ဆိုရမည် ဖြစ်သည်။
ထိုသို့ နိုင်ငံတွင်း အပြုသဘော ဆောင်သော ပြုပြင် ပြောင်းလဲမှုများကို ၀မ်းမြောက်ဖွယ် မျက်ဝါးထင်ထင် တွေ့ရှိနေရ ရုံ မျှမက ယခု ရက်ပိုင်းထုတ် စာနယ်ဇင်း သတင်း မီဒီယာများကို ကြည့်မည်ဆိုပါက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပ ပြုလုပ်သည့် (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန်များဆိုင်ရာ အထွေထွေ ညီလာခံ ဒုတိယအကြိမ် စုံညီ အစည်း အဝေး ကျင်းပသည့် သတင်း၊ အဆိုပါ စုံညီအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်မြင့် တက်ရောက်သည့် သတင်းနှင့် မြန်မာနိုင်ငံကို AIPA ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် လက်ခံခြင်း သတင်းများကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်လည်း ဖြစ်သည်။ အဆိုပါ စုံညီ အစည်းအဝေးသို့ ကမ္ဘောဒီးယား နိုင်ငံ Senate ဥက္ကဌ၊ AIPA ဥက္ကဌနှင့် ကမ္ဘောဒီးယား နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဌ၊ AIPA အဖွဲ့ဝင် နိုင်ငံများမှ လွှတ်တော် ဥက္ကဌများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ အထူး လေ့လာသူ နိုင်ငံများနှင့် လေ့လာသူ နိုင်ငံများမှ ခေါင်းဆောင်များ၊ AIPA ၊ ASEAN တို့မှ တာဝန်ရှိသူများနှင့် အခြားသော ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည့် ဒေသတွင်း အဆင့်မြင့် အစည်းအဝေး တစ်ရပ်ဟု ဆိုနိုင်ပါသည်။
ဤသည်မှာ မြန်မာနိုင်ငံ၏ လွှတ်တော်များ အနေဖြင့် ပြည်တွင်းတွင် နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်လျက် ရှိသကဲ့သို့ တက်ဖက်မှလည်း နိုင်ငံတကာ မျက်နှာစာ၌ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မှု၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါသည်။ ဤနေရာတွင် တစ်ခု ပြောကြားလိုသည်မှာ AIPA နှင့် ဆင်တူယိုးမှား ASEAN Inter-Parliamentary Myanmar Caucus (AIPMC) အဖွဲ့တစ်ဖွဲ့ ရှိသည်ကို မီဒီယာများအရ သိရှိရပါသည်။ သို့သော် ထိုအဖွဲ့မှာ အာဆီယံ အသင်းဝင် နိုင်ငံအားလုံးမှ ပါလီမန် အမတ်များ စုံညီစွာ ပါဝင်ခြင်း မရှိဘဲ အာဆီယံ အမည်ကို သုံးစွဲထား ခြင်းမှာ သင့်လျော်ခြင်း မရှိသကဲ့သို့ တရားဝင်မှု ရှိသည်ဟုလည်း မဆိုနိုင်ပါ။ ထို့ကြောင့် AIPA အဖွဲ့ဝင် လွှတ်တော် ဥက္ကဌများ အနေဖြင့် အဆိုပါ အဖွဲ့၏ မြန်မာနိုင်ငံအရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်နိုင်ပါရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် AIPA ၏ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင် ဆင်နွှဲရန်နှင့် အာဆီယံ ဒေသတွင်း တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အတူတကွ ချစ်ခင် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်သွား လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်းဖြင့် ရေးသားလိုက်ရပါသည်။
နန်းစောရှင်
(http://shwepyithit.blogspot.com/)မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment