Wednesday 3 February 2016

အာဖဂန် အရှေ့ပိုင်းတွင် အိုင်အက်စ် အဖွဲ့၏ ဝါဒဖြန့် ရေဒီယို စခန်းကို အမေရိကန်လေတပ် တိုက်ခိုက်

အာဖဂန် နစ္စတန် အရှေ့ပိုင်းတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ဝါဒဖြန့် ရေဒီယိုဌာန တစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၉ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်မာစွာ ခြေကုပ်ယူ ထားသည့် အိုင်အက်စ်သည် ယခုအခါ အာဖဂန်သို့ စိမ့်ဝင် ထိုးဖောက် လာခဲ့သည်။ အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိပြီး ယခုအခါ အာဖဂန်တွင်ပါ အိုင်အက်စ်၏ လက်တံများကို ချိုးဖျက်ရန် အားထုတ်လာခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက နန်ဂါဟာတွင် ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးသမား ၈ ဦးအပါအဝင် အိုင်အက်စ် သစ္စာတော်ခံ ၂၉ ဦးထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ အတ်တူလာ ခိုယာနီက ပြောကြားခဲ့သည်။ အဆိုပါ အိုင်အက်စ် ဘက်တော်သားများသည် အာဖဂန်တွင် ဝါဒဖြန့် လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်နေသူများ ဖြစ်သည်။

အာဖဂန် အခြေစိုက် အမေရိကန် တပ်ဖွဲ့များမှ ဗိုလ်မှူးကြီး မိုက်ကယ် လော်ဟွန်က “အကြမ်းဖက်မှု တိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့ လေကြောင်းစစ်ဆင်ရေး နှစ်ရပ်ကို နန်ဂါဟာမှာ ဆင်နွှဲခဲ့ပါတယ်”ဟု အတည်ပြုခဲ့သည်။ သို့သော်လည်း ၎င်းက အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရန်မူ ငြင်းဆိုသွားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အာဖဂန်နှင့် ပါကစ္စတန် နိုင်ငံများအတွင်း အိုင်အက်စ် အဖွဲ့ခွဲများ တည်ထောင်လာခြင်းနှင့် ပတ်သက်၍ အလေးထား ဂရုပြုသင့်ကြောင်း သတိပေးခဲ့ပြီး အမေရိကန် တပ်ဖွဲ့များ အနေဖြင့် အိုင်အက်စ်တို့၏ နယ်မြေအသီးသီးတွင် အင်အားချဲ့ထွင်မှုကို ထိုးစစ်ဆင် ဟန့်တားသွားမည်ဟု ကြေညာခဲ့သည်။

Ref: CNN

No comments:

Post a Comment