Thursday 17 December 2015

အာဏာလွှဲပြောင်းရေးအစည်းအဝေး တစ်ပတ်သုံးကြိမ်ပြုလုပ်ရန် သဘောတူ

ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူများနှင့် လက်ရှိအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ ဒီဇင်ဘာ ၁၆ ရက်တွင် ပထမဆုံးအကြိမ် အာဏာလွှဲပြောင်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ − ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်)
နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲပြောင်းရေးဆိုင်ရာ အစည်း အဝေးကို တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ပြု လုပ်ရန် အစိုးရ ကိုယ်စားလှယ် အ ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၏ အသွင်ကူးပြောင်း ရေး ကော်မတီတို့ ဒီဇင်ဘာ ၁၆ ရက်၌ ပြုလုပ်သော ပထမဆုံး အကြိမ်တွေ့ဆုံမှုတွင် သဘော တူညီခဲ့သည်။

‘‘ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) တွေ့ဆုံမှုက အာဏာလွှဲပြောင်း ရေးကို ဘယ်လို လုပ်ငန်းစဉ်တွေနဲ့ လုပ်ကြမလဲဆိုတာ နည်းလမ်း တွေကို ဆွေးနွေးခဲ့ကြတာပါ။ တစ်ပတ်ကို သုံးလေးကြိမ်အနည်းဆုံး တွေ့ဖို့ သဘောတူကြတယ်’’ဟု NLD အသွင်ကူးပြောင်းရေးအဖွဲ့ ၀င် ဦးဝင်းထိန်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ကာ တစ်နာရီခန့်ဆွေးနွေး ခဲ့ကြကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

အစိုးရအဖွဲ့ဘက်မှ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး NLD ဘက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်း စား) ဒေါက်တာ အောင်သူတို့ တက်ရောက်သည်။

ဆွေးနွေးပွဲသို့  တက်ရောက်ခဲ့ သော သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးသို့ ဆက်သွယ်မေးမြန်း ခဲ့ရာတွင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားထားသည့် အ တိုင်းသာဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်တွင် တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရအဖွဲ့ ဘက်နှင့် NLD ဘက်မှ တက် ရောက်ခဲ့သူများကို ဖော်ပြထားပြီး တာဝန်လွှဲပြောင်းရာတွင် အဆင် ပြေချောမွေ့စေရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးခဲ့သည်ဟု ရေးသားထားသည်။

ဦးရဲထွဋ်ထံ ဒီဇင်ဘာ ၁၆ ရက် ညနေက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစား ခဲ့သော်လည်း  ဆက်သွယ်မရခဲ့ပေ။

ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရ ပြီးနောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်း စိန်တို့သည် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ အာဏာလွှဲပြောင်းရန် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြသည်။

အဆိုပါသဘောတူညီချက် ကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အစိုးရက နိုင်ငံ တော်အကြီးအကဲ တာဝန်လွှဲ ပြောင်းမှု အထောက်အကူပြု ကော်မတီဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီနှင့် ညှိနှိုင်းပူး ပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့ ပါဝင်သည်။လက်ရှိအစိုးရအဖွဲ့၏ ငါးနှစ်တာ သက်တမ်းသည် ၂၀၁၆ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment