Thursday 17 December 2015

ခင်ပွန်းကို မုဒိမ်းမှုဖြင့် တိုင်ကြားသော အမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန် နေစဉ် ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁ နာရီက ခင်ပွန်းကို မုဒိမ်းမှုဖြင့် တိုင်ကြားခဲ့သော အသက် ၂၄ နှစ် အရွယ် အမျိုးသမီးကို ၎င်း၏ နေအိမ်တွင် အမျိုးသား တစ်ဦးနှင့်အတူ အိမ်ထောင်ရေး ဖောက်ပြန်နေစဉ် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း မင်္ဂလာဒုံ မြို့မ ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ အမျိုးသမီးမှာ လွန်ခဲ့သောခြောက်လခန့်က အိမ်ထောင်သက် လေးနှစ်ကြာ ပေါင်းသင်းခဲ့သော အသက် ၂၃ နှစ် အရွယ်ရှိ ခင်ပွန်းကို အစ်မဖြစ်သူနှင့် ဖောက်ပြန်သည်ဟု ဆိုကာ မုဒိမ်းမှု ပုဒ်မဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားခံရသူ ခင်ပွန်းမှာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်း စစ်ဆေးခံနေရစဉ် ၎င်းကအိမ်ထောင်သည် အမျိုးသား တစ်ဦးနှင့် ဖောက်ပြန်နေသည်ကို ရပ်ကွက်နေသူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ယောက်ျားက သူ့အစ်မဖြစ်သူနဲ့ ဖောက်ပြန်တယ်လို့ စွပ်စွဲတိုင်ကြားခံရမှုကြောင့် ထောင်ထဲရောက်ပြီး တရားရုံးမှာ စစ်ဆေးခံနေရချိန် သူက အိမ်ထောင်သည် အမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တာ၊ သူတို့ နှစ်ယောက် အိမ်ထဲမှာ ဖောက်ပြန်နေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရွာသူရွာသား တွေက ဝိုင်းဖမ်းဆီးခဲ့ပြီး ရဲလက်အပ်ခဲ့တာ ” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးနှင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့သော အသက် ၃၀ အရွယ်ရှိ အိမ်ထောင်သည်အမျိုးသားမှာ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် နှင်းဆီလမ်းတွင် နေထိုင်သူ ဖြစ်ပြီး ယင်းအမျိုးသားနှင့် အမျိုးသမီးတို့ကို ခေါ်ယူစစ်ဆေးနေကြောင်း၊ လတ်တလောတွင် အမျိုးသမီးကို ထောင်ဒဏ် ၇နှစ်ထိ အမိန့်ချမှတ်နိုင်သော တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တိုင်ကြားမှုပေါင်း ၃၀ နီးပါးရှိခဲ့ရာ အိမ်ထောင်ရေး ဖောက်ပြန်မှုဖြင့် တိုင်ကြားခံရသူ အမျိုးသမီး ၈ ဦး ပါဝင်ခဲ့ကြောင်း မှုခင်းစာရင်းများအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment