Saturday 5 December 2015

အကျင့်ပျက်ခြစားမှုဖြင့် ဘောလုံးလောကမှ တာဝန်ရှိသူ ၁၆ ဦးကို ထပ်မံစွဲချက်တင်

ဝါရှင်တန်− ကန်ဒေါ်လာသန်းပေါင်းများစွာပါဝင်သော ဖီဖာ၏ အရှုပ်တော်ပုံသည်ပိုမိုနက်ရှိုင်းလာခဲ့ပြီး အမေရိကန်တရားရေးဌာနက ဘောလုံးနှင့် ပတ်သက်သူ ၁၆ ဦးကို ထပ်မံစွဲချက်တင်လိုက်သည်။ယမန်နေ့က ဇူးရစ်မြို့ရှိ ဖီဖာအရာရှိများ တည်းခိုရာ ဇိမ်ခံဟိုတယ်တွင် ဆွစ်ဇာလန်အာဏာပိုင်များက တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ဥက္ကဋ္ဌ ဟွမ်အိန်ဂျယ်နာပေါက်နှင့် မြောက်အမေရိကနှင့် ဗဟိုအမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်ဖရီဒိုဟာဝစ်တို့ကို ၀င်ရောက်ဖမ်းဆီးခဲ့သည်။
ယင်းနောက် နာရီအနည်းငယ်အကြာမှာပင် အမေရိကန် တရားရေးဌာနက လူပေါင်း ၁၆ ဦးကို အကျင့်ပျက်ခြစားမှုစွဲချက်များ ထုတ်ပြန်ခဲ့ရာ အထက်ပါ ဖီဖာအရာရှိကြီးနှစ်ဦးလည်း ပါဝင်ခဲ့သည်။

စွဲချက်တွင် ပါဝင်သူများသည် နိုင်ငံတကာပြိုင်ပွဲများနှင့် ဘောလုံးပွဲများ၌ မီဒီယာနှင့် ဈေးကွက်ရှာဖွေခွင့်များအတွက် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ခြစားခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ယခု စွဲချက်သစ်များမှာ ဗဟိုအမေရိကနှင့် တောင်အမေရိက ဘောလုံးအရာရှိများနှင့် တောင်အမေရိကနှင့် အမေရိကန်နိုင်ငံ အခြေစိုက်အားကစားဈေးကွက် ရှာဖွေရေး ကုမ္ပဏီများကြား ဖြစ်ပေါ်ခဲ့သော အကျင့်ပျက်ခြစားမှုများကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန်ရှေ့နေချုပ် လိုရက်တာလင့်ခ်ျက ပြောသည်။

ယခုစွဲချက်သစ်များ ထွက်ပေါ်ပြီးနောက် ဖီဖာ၏ အရှုပ်တော်ပုံတွင် စွဲချက်တင်ခံထားရသည့် လူပုဂ္ဂိုလ် ၄၁ ဦးအထိ ရှိလာသည်။
—Ref:AP

No comments:

Post a Comment