Saturday 5 December 2015

တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေး ရှမ်းပြည်တိုးတက်ရေးပါတီနှင့် UPWC တို့ ထပ်မံဆွေးနွေးဦးမည်

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေးအတွက် လာမည့် ဒီဇင်ဘာလ ၇ ရက် နေပြည်တော်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုကို ရပ်ဆိုင်းရေး၊ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရေသော စစ်ပြေးဒုက္ခသည်များ မိမိတို့ မူရင်း နေရပ်သို့ ပြန်၍ ပြန်လည် နေရာချထားရေးနှင့် မိုင်းရှူး၊ မိုင်းနောင် မြို့နယ်အတွင်း ပိတ်ထားရသော စာသင်ကြောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် အချက် ၄ ချက်ကို အဓိက သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း SSPP/SSA ၏ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု က ပြောသည်။

“နေပြည်တော်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ စစ်ပွဲတွေ ချုပ်ငြိမ်းရေး အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။ UPWC ၏ ညှိနှိုင်းပေး မှုနဲ့ ဒီဒေသ အေးချမ်းနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ကျေးဇူးတင်စကား ပြောရမယ်။ အပြန်အလှန် ယုံကြည်မှု လုပ်ဆောင်ဖို့ ဖလှယ်ရမယ်။ စစ်ပြေးဒုက္ခသည်တွေ မူရင်း ဒေသကို ပြန်ဖို၊ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုဆွေးနွေးပွဲသို့ SSPP/SSA မှ အထွေထွေအတွင်ရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီ ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ နှင့်၂၄ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် UPWC နှင့် SSPP/SSA တို့ တွေ့ဆုံ၍ SSPP/SSA အနေဖြင့် မိုင်းနောင်၊ မိုင်းရှူး ကားလမ်းမြောက်ဘက်ခြမ်းသို့ ရွှေ့ပြောင်း နေထိုင်ရန်နှင့် မိုင်းရှူး၊ မိုင်းနောင် ကားလမ်း၏ တောင်ဘက်ခြမ်းရှိ ထိပ်တိုက် ရင်ဆိုင်နေရသော တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်း နေရာချထားရန်၊ လက်ရှိ ပဋိပက္ခကြောင့် ယာယီ ပိတ်ထားရသော စာသင်ကျောင်း ၁၇ ကျောင်းကို အမြန်ဆုံးဖွင့်လှစ်ရန်နှင့် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေး နှစ်ဖက် ပူးပေါင်းညှိနှိုင်းရန် စသည့် သဘောတူညီမှုများကို ၅ ရက်အတွင်း အကောင်အထည်ဖော်ရန် သဘောတူညှိနှိုင်းခဲ့သည်။

ထိုသို့ နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ယနေ့ထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေပြီး SSPP/SSA အနေဖြင့် မိုင်းရှူး၊ မိုင်းနောင် ကားလမ်း၏ မြောက်ဘက်ခြမ်းသို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ဗိုလ်မှူး စိုင်းဆုက ပြောသည်။

“ဆုတ်ခွာပေးဖို့က နှစ်ဦးနှစ်ဖက် ဆွေးနွေးထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဘဲ မဟုတ်ဘူး။ အောက်ခြေပိုင်း အပြန်အလှန်ညှိနှိုင်းထားပါတယ်။ ဘယ်ဘက်မှ မရွှေ့သေးဘူး။ ဆွေးနွေးထားတာက နှစ်ဖက်ရွှေ့ရမဲ့ ကိစ္စလေ၊ ကျနော်တို့က စစ်ပွဲကို လုံးဝ ရပ်ဆိုင်းသွားဖို့ဘဲ ရှိပါတယ်။” ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ အစိုးရ စစ်တပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မိုင်းရှူး၊ မိုင်းနောင်၊ လားရှူး၊ လဲချား စသည့်မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

SSPP/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
mizzima

No comments:

Post a Comment