Saturday 21 November 2015

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အလုပ်မဖြစ်ကြောင်း ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် အလုပ်မဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယမန်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဝေဖန် ပြောကြားလိုက်သည်။

(၁၃) ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး (၅) ရက်မြောက်နေ့တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ တင်သွင်းထားမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရာ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ၀င်ရောက် ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကော်မတီရဲ့ အစီအရင်ခံစာ အဆုံးပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုင်စာပေါင်းနဲ့ ပတ်သက်ပြီး ကော်မတီ အနေနဲ့ တစ်စောင် တစ်လေကိုမျှ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပဲ။ ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေကိုပဲ လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကော်မတီဟာ အလုပ်မဖြစ်ဘူး ဆိုတာ သိသာနိုင်ပါတယ်'' ဟု ၎င်းက ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ပညာပေး ဟောပြောမှုများ၊ သင်တန်းများ ပေးခြင်း စသည်တို့ဖြင့်သာ အချိန်ကုန်နေကြောင်း မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

''ကော်မတီ အနေနဲ့ မလုပ်နိုင်တာက ဘာကြောင့် မအောင်မြင်နိုင်တာက ဘယ်လို အကြောင်း ကြောင်းကြောင့်၊ အောင်မြင်တယ် ဆိုရင်လည်း ဘယ်လိုကိစ္စတွေမှာ ဘယ်လို လုပ်ခဲ့တယ် ဆိုတာမျိုးတွေ ပါဖို့လိုတယ်။ ကော်မတီရဲ့ အစီအရင်ခံစာဟာ မျှော်လင့်ချက် အားမာန်တွေ ပျောက်ဆုံးနေ ပြီးတော့ သမားရိုးကျ ၀တ်ကျေ တန်းကျေ အဆင့် အစီအရင်ခံစာ မျိုးထက်မပိုပါဘူး'' ဟု ၎င်းကဆက်ပြောသည်။

တရားဥပဒေ စိုးမိုးရေးသည် ကော်မတီ တစ်ခုတည်း၏ တာဝန် မဟုတ်ဘဲ ကျန်ရှိသည့် လွှတ်တော် အတွင်း ဖွဲ့စည်းထားသည့် ကော်မတီများ၊ အစိုးရ အဖွဲ့အစည်း အသီးသီးရှိ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် ပြည်သူအားလုံး၏ တာဝန်သာ ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အတွင်ရေးမူး ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် တုံ့ပြန်ပြောဆိုခဲ့သည်။

''ပြည်သူလူထု အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာကိုလည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီမှာ ကော်မတီ လက်စွမ်း လက်စမပြနိုင်ဘူးလို့ သုံးသပ်ရာ ကော်မတီ အနေနဲ့ လက်စွမ်း လက်စ မပြနိုင်ဘူးဆိုရင်၊ ၀တ်ကျေတမ်းကျေ အစီအရင်ခံစာပဲ ရေးတယ်ဆိုရင် ကျွန်တော်တို့ ကော်မတီကမှ အစီအရင်ခံစာ ပုံမှန်တင်နိုင်ပါသေးတယ်။

ကျန်တဲ့ ကော်မတီများ ကျွန်တော် ပြောပါတယ်။ အဲလို မေးကြစတမ်းဆိုရင် အစီရင်ခံစာ တောင်ပုံမှန် တင်နိုင်ပါသလား။ ဘယ်လောက်များ လက်စွမ်း လက်စတွေ ပြနိုင်ကြပါသလဲ။ ဘယ်လောက်များ ၀တ်ကျေတန်းကျေ လုပ်ပါသလဲ'' ဟု ၎င်းက ဆက်ပြောခဲ့သည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာကို ပြည်သူ့ လွှတ်တော်မှ အတည်ပြု မှတ်တမ်းတင်ခဲ့သည်။
messengerdaily.com

No comments:

Post a Comment