Saturday 21 November 2015

ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း ဆိုင်းငံ့ရန် အစီရင်ခံစာတင်

ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် အညီ ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသောကြောင့် လက်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြဌာန်းခြင်း မပြုဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ယမန်နေ့တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းသည် ပြင်ဆင်ရန် အချက်များစွာ ရှိနေပြီး ဥပဒေကြမ်းကို ဦးဆောင် ရေးဆွဲခဲ့သည့် စွမ်းအင် ၀န်ကြီးဌာနကလည်း ပြန်လည် ပြုစုပေးရန် သဘော တူညီခဲ့သောကြောင့် ပြီးပြည့်စုံသည့် ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာစေရန် အတွက် ဆိုင်းငံ့ထားရန် သင့်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီက ပြောသည်။

''ဒီဥပဒေကြမ်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း မကိုက်ညီတာ သွားတွေ့ရတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းကို လတ်တလော မပြဌာန်းဘဲ ဆိုင်းငံ့ထားဖို့ လွှတ်တော် တင်သွင်းတာ'' ဟု ၎င်းကပြောသည်။

ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးခြင်း မပြုဘဲ ဆိုင်ငံ့ရန် သင့်မသင့်နှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒကို မေးမြန်းရာ ကိုယ်စားလှယ် အားလုံးက ဆိုင်းငံ့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

''၀န်ကြီးဌာနက ဖွဲ့စည်းပုံနဲ့ ညီညွတ် အောင်ပြင်ဆင်ပြီးမှ လွှတ်တော်ကို ပြန်တင်ရမှာ ဖြစ်ပါတယ်''ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီက ပြောသည်။

ရေနံလက်ယက်တွင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် စတင် ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး၊ ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် ၂၀၁၅ခုနှစ် ဇူလိုင်လတွင် ပေးပို့ခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ (၂၂) ရက်နေ့တွင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန် ကြေညာခဲ့သည့် အတွက် ယင်းဥပဒေနှင့် ညီညွတ်အောင် ၀န်ကြီးဌာနများက ရေးဆွဲထားသော ဥပဒေကြမ်းများကို ညီညွတ်အောင် ပြင်ဆင်ရမည် ဖြစ်သောကြောင့် ယမန်နေ့တွင် အတည်ပြုမည့် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။
messengerdaily.com

No comments:

Post a Comment