Wednesday 11 November 2015

နေ့သစ်များဆီ ဦးတည်လာသည့် တရုတ်-တိုင်ပေ ဆက်ဆံရေး

နှစ်နိုင်ငံ သမ္မတတို့ လက်ဆွဲ နှုတ်ဆက် လိုက်သည့် အချိန် ပိုင်းသည် သမိုင်းဝင်အခိုက်အတန့် ဖြစ်ခဲ့သည်။ ယင်းသည် ၁၉၄၉ နောက်ပိုင်း တရုတ်သမ္မတ တစ် ဦးနှင့် တိုင်ပေသမ္မတ တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်း ဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာသည်။နိုဝင်ဘာ ၇ ရက်က တရုတ် သမ္မတ စီကျင်းပင်နှင့် တိုင်ပေ သမ္မတ မာယင်ကျောင်းတို့သည် ကြားနိုင်ငံ တစ်ခုဖြစ်သည့် စင်ကာပူတွင် တွေ့ဆုံခဲ့ကြသည်။ ခေါင်းဆောင် နှစ်ဦးစလုံးက အဆို ပါ တွေ့ဆုံမှုကို အလွန်အမင်း အ ရေးမပါလေဟန် သတိကြီးစွာ စီ စဉ်ခဲ့သည့်တိုင် ခါးသီးလှသည့် အတိတ်သမိုင်း ရှိခဲ့သည့် နိုင်ငံများ ကြား ဆက်ဆံရေးသည် နေ့သစ် များဆီ အစပြု ဦးတည်လာပြီဟု နိုင်ငံတကာက မှတ်ယူခဲ့ကြသည်။


တရုတ် ပြည်တွင်းစစ်တွင် ကွန်မြူနစ်တို့ အနိုင်ရခဲ့ပြီးနောက် ၁၉၄၉ ၌ အမျိုးသားရေးဝါဒီ အစိုးရသည် တိုင်ပေကျွန်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် တွင် တရုတ်ပြည်မကြီးက တရုတ် ပြည်သူ့သမ္မတနိုင်ငံအဖြစ် သတ် မှတ်ထူထောင်ပြီး တိုင်ပေက လည်း သီးခြားနိုင်ငံအဖြစ် ကြေ ညာခဲ့သည်။ သို့သော် တရုတ်အ စိုးရကမူ တိုင်ပေကို ၎င်းတို့ လက်အောက်ခံအဖြစ်သာ သတ် မှတ်ထားသည်။

ဆယ်စုနှစ်များစွာ ဖြတ်သန်း ခဲ့ချိန်တွင် တရုတ်သည် တိုင်ပေ၏ ရပ်တည်ချက်ကို အကြီးအကျယ် မျက်စိစပါးမွေး စူးနေခဲ့ပြီး အ နောက်အုပ်စုက ထောက်ခံသည့် ကျွန်းနိုင်ငံကို စစ်အင်အားဖြင့် သိမ်းပိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် တိုင်ပေဘက်သို့ ဦးလှည့်ကာ ချိန် ထားသည့် တရုတ်ဒုံးကျည်များ၏ အရေအတွက်မှာလည်း တစ်နှစ် ပြီးတစ်နှစ် တိုးပွားလာသည်။

သို့သော် ကူမင်တန်ပါတီ ခေါင်းဆောင်ဟောင်း သမ္မတမာ အာဏာရလာသည့် ၂၀၀၈ နောက် ပိုင်း တိုင်ပေသည် တရုတ်နှင့် ဆက်ဆံရေးကို သိသိသာသာ မြှင့်တင်လာနိုင်ခဲ့သည်။ တရုတ် က သမ္မတမာအပေါ် လိုလားမှု
ပြသခဲ့သလို သမိုင်းဝင် အလှည့် အပြောင်းအဖြစ် ယခုလအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံ နိုင်ခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် ၎င်း တို့၏ သမ္မတ ဂုဏ်ပုဒ်များကို ဘေး ဖယ်ထားကာ မစ္စတာဟု အပြန် အလှန် ခေါ်ဝေါ်ပြီး စကားပြောခဲ့ ကြသည်။ စင်ကာပူတွင် ဟိုတယ် ချင်းမတူအောင် တည်းခိုပြီး အစားအသောက် မှာယူမှုကိုလည်း ခွဲထားသည်။ တရုတ်ရော၊ တိုင် ပေပါ ယခုတွေ့ဆုံမှုကို ကြိုဆိုခဲ့ သည့်တိုင် အတတ်နိုင်ဆုံး ရုံးလုပ် ထုံးလုပ်နည်း ဆန်ဆန် ချဉ်းကပ် ရန် ကြိုးစားနေခြင်းဖြစ်ဖွယ်ရှိ သည်။

သမ္မတနှစ်ဦး တွေ့ဆုံမှု အ ပြီးတွင် ကြေညာချက်ကို ပူးတွဲ ထုတ်ပြန်ခြင်း မရှိပေ။ ထို့အပြင် ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်ရေးနှင့် ပတ် သက်၍ ထည့်သွင်းဆွေးနွေးမှု မရှိ ကြောင်းလည်း နှစ်ဖက်အာဏာ ပိုင်များက အခိုင်အမာ ပြောကြား ခဲ့ကြသည်။

‘‘အရင်က ကြက်ခြေခတ်ဆန် ခဲ့တဲ့ ဆက်ဆံရေးမျိုးရှိပေမယ့် အခုတွေ့ဆုံမှုဟာ ကဏ္ဍသစ် တစ်ခု ဖြစ်လာတယ်လို့ ထင်ပါ တယ်။ တိုင်ပေရေလက်ကြား ခြား ထားပြီး ကွဲကွာနေတဲ့ မိသားစု တွေရဲ့ နာကျင်မှုတွေကို လျော့ပါး လာအောင် ဆောင်ရွက်နိုင်မယ် ထင်ပါတယ်’’ ဟု သမ္မတစီက ဆိုသည်။

သမ္မတ မာကမူ တိုင်ပေနှင့် တရုတ်တို့ကြား တယ်လီဖုန်းဆက် သွယ်ရေးလိုင်းတစ်ခု ထားရှိရေး သည် အရေးအကြီးဆုံး လိုအပ် ချက်တစ်ရပ်ဟု မှတ်ချက်ပြုခဲ့ သည်။

‘‘ကျွန်တော့်ဘက်က ပြောခဲ့ တာကတော့ ရန်လိုမှုတွေကို လျှော့ ချဖို့၊ အငြင်းပွားစရာ ကိစ္စတွေ မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ဆိုတာပါပဲ။ ဒါဟာ နှစ်ဖက်စလုံး အတွက် အကျိုးရှိစေမယ့် ကိစ္စပါ ပဲ’’ ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ မာအနေဖြင့် တရုတ် နှင့် ဆက်ဆံရေး မြှင့်တင်ခြင်းကို ကူမင်တန် ပါတီ၏ နိုင်ငံရေး ပုံရိပ်ကို ပိုမိုခိုင်မာအောင် တည် ဆောက်မည့် ဖြေရှင်းချက် တစ်ခု အနေဖြင့်လည်း အားကိုးအားထား ပြုရဖွယ် ရှိနေသည်။ ဇန်နဝါရီတွင် ကျင်းပမည့် တိုင်ပေရွေးကောက်ပွဲ မတိုင်မီ စစ်တမ်းများအရ အ တိုက်အခံ ဒီမိုကရက်တစ် တိုးတက် ရေးပါတီမှ ဆိုင်အင်ဝမ်ကို ပြည် သူများကပိုမိုသဘောကျလိုလား နေကြောင်း သိရသည်။

ဖွဲ့စည်းပုံ ဥပဒေအရ မာ သည် နောက်ထပ် သမ္မတသက် တမ်းသစ် ရွေးကောက်ခံခွင့် မရှိ တော့ဘဲ ကူမင်တန်ပါတီ၏ သမ္မ တလောင်း အဲရစ်ချူးမှာ ဆိုင်နှင့် ယှဉ်လျှင် ပြည်သူ့ထောက်ခံမှု သိ သိသာသာ အားနည်းလျက်ရှိ သည်။ နိုင်ငံရေး အကဲခတ်များက အတိုက်အခံခေါင်းဆောင် အမျိုး သမီးသည် လာမည့် ရွေးကောက်ပွဲ တွင် တောင်ပြိုကမ်းပြို မဲရလဒ်ဖြင့် အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထား ကြသည်။

သို့သော်လည်း တရုတ်အ စိုးရကမူ ဆိုင်ကို လိုလားမှု မရှိ ချေ။ ဆိုင်ကိုယ်တိုင်က တရုတ် နှင့် ဆက်ဆံရေး တိုးမြှင့်မှုကို လက်ကမ်းကြိုမည်ဟု လမ်းဖွင့် ပေးထားသည့်တိုင် တရုတ်ကမူ သူ့အပေါ် ယုံကြည်မှု မရှိချေ။ ထိုသို့သော အခြေအနေကြောင့် သမ္မတ မာအနေဖြင့် အာဏာရ ပါတီ၏ နိုင်ငံရေး သိက္ခာကို မြှင့် တင်ရာတွင် တရုတ်နှင့် ဆက်ဆံ ရေးက အထူးအရေးပါလာခဲ့ သည်။

သို့သော်လည်း သမ္မတ မာ အနေဖြင့် လူပေါင်း ၂၂ သန်းမျှ နေထိုင်သော ကျွန်းနိုင်ငံဘက်သို့ ချိန်ရွယ်ထားသည့် တရုတ်၏ စစ် လက်နက်များ၊ ဒုံးကျည်များ အ ရေးနှင့် ပတ်သက်၍ စိန်ခေါ်ဖြေ ရှင်းရန် လိုအပ်နေဆဲဖြစ်သည်။ ၎င်းကိုယ်တိုင်ကလည်း ယင်းအ ရေးကို သမ္မတစီနှင့် တိုင်ပင်ဆွေး နွေးခဲ့ကြောင်း ဆိုသည်။

‘‘တိုင်ပေကို ရည်ရွယ်ပြီး ရန်လိုတဲ့ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာကို တိုင်ပေပြည်သူတွေ က စိုးရိမ်နေတဲ့အကြောင်း ကျွန် တော် ပြောခဲ့ပါတယ်။ ဒုံးကျည် တွေ ချိန်ထားတာက အစပေါ့။ မစ္စတာစီကတော့ ဒီလက်နက် တွေဟာ တိုင်ပေကို ပစ်မှတ်ထား တာ မဟုတ်ဘူးလို့ ပြောပါတယ်’’ ဟု သတင်းထောက်များအား ပြော ကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်ချင်း တံခါးပိတ် တွေ့ဆုံပြီးသည့်တိုင် သမ္မတစီက တိုင်ပေသည် တရုတ် ပိုင် ဒေသတစ်ခုအဖြစ် သတ်မှတ် ထားကြောင်း သဘောထားကို အခိုင်အမာ ဆက်လက်ဆုပ်ကိုင် ထားဆဲဖြစ်သည်။ သမ္မတမာက တရုတ်၏ တစ်ခုတည်းသော တ ရုတ်နိုင်ငံ မူဝါဒကို လက်ခံသော် လည်း တိုင်ပေက သီးခြားသာ ရပ် တည်လိုကြောင်း ဆိုသည်။

‘‘ကျွန်တော်တို့ ဒါကို သဘောတူပါတယ်။ ဒါပေမဲ့ ကွဲပြားတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်မျိုးနဲ့ပဲ ရှေ့ဆက်ကြမှာပါ’’ ဟု ၎င်းက သတင်းထောက်များအား မှတ် ချက်ပေးခဲ့သည်။

ခိုင်ခိုင်မာမာ သဘောတူ ညီမှု တစ်စုံတစ်ရာ မရရှိခဲ့သည့် တိုင် သမ္မတနှစ်ဦး တွေ့ဆုံမှုသည် တိုင်ပေ ရေလက်ကြားတွင် ဆက် ဆံရေး နွေးထွေးကောင်းမွန်မှုများ ပေါ်ပေါက်လာတော့မည့် သင်္ကေတ တစ်ရပ်အဖြစ် နိုင်ငံတကာစောင့် ကြည့် အဖွဲ့များက ရှုမြင်နေသည်။

‘‘သမ္မတစီ အနေနဲ့ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အလား အလာ ကောင်းတွေကို မျက်ကွယ် မပြုလိုက်ဖို့တော့လိုတယ်။ တိုင် ပေကို တရုတ်နဲ့ပြန်ပေါင်းစည်း ဖို့ အတင်းအကျပ် လုပ်ချင်တဲ့ သဘောထားမျိုးကို မေ့ထားလိုက် ဖို့ လိုတယ်။ မဟုတ်ရင်တော့ အ ခြေအနေတွေက အဆိုးဘက်ကို ပြန်ရောက်သွားနိုင်တယ်’’ ဟု အတ္တ လန္တိတ်အရေး စောင့်ကြည့်မှု ကောင်စီမှ ရောဘတ်မန်းနင်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား တင်းမာမှုများ ရှိခဲ့သည့်တိုင် တရုတ်သည် တိုင် ပေ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိ သည်။ သီတင်းပတ်တိုင်း နှစ်နိုင်ငံ ကြား ပျံသန်းပြေးဆွဲသည့် လေ ယာဉ်ခရီးစဉ် ရာနှင့်ချီရှိသည်။ သမ္မတမာ လက်ထက်တွင် တရုတ် ဘဏ်များ တိုင်ပေသို့ လာရောက် လုပ်ငန်းခွဲ ဖွင့်လှစ်ခြင်းကို ခွင့်ပြု ပေးခဲ့သလို တိုင်ပေစက်ရုံအချို့ လည်း တရုတ်တွင် သွားရောက်အ ခြေချ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
—Ref: CNN

No comments:

Post a Comment