Friday 28 August 2015

အသတ်ခံရသည့် ဗာဂျီးနီးယား သတင်းထောက်၏ ဖခင်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြောင်းလဲရန် တောင်းဆို


တိုက်ရိုက် သတင်းထုတ်လွှင့်မှု ပြုလုပ်နေစဉ် ပစ်သတ်ခံရသည့် အမေရိကန် သတင်းထောက်၏ ဖခင်က နိုင်ငံ၏ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပိုမိုတွန်းအားပေး ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။အန်ဒီပါကားက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ ရည်ရွယ်ပြီး သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြင်ဆင် ပြောင်းလဲရန် မိမိ လိုလားကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏ သမီးဖြစ်သူ အမေရိကန် သတင်းထောက် အလီဆန်ပါကားသည် ကင်မရာသမား အဒမ်ဝါ့ဒ်နှင့်အတူ ဗာဂျီးနီးယားတွင် ရုပ်မြင်သံကြား တိုက်ရိုက် ရိုက်ကူးမှု အစီအစဉ် တစ်ခုတွင် လူမည်းတစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

 သေနတ်သမား ဗက်စတာ ဖလာနာဂန်သည် ပါကားနှင့် ဝါ့ဒ်တို့ အလုပ်လုပ်နေရာ WDBJ7မှ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး လူမည်းတစ်ဦးအပေါ် ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှုများကို တုံ့ပြန်သည့် အနေဖြင့် ယခုအမှုကို ကျူးလွန်ကြောင်း ၎င်းဝန်ခံပေးပို့ထားသည့် ဖက်စ်အတွင်း ရေးသားထားသည်။ ဖလာနာဂန်သည် ၎င်းကို ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးချိန်တွင် မိမိကိုယ်ကိုယ် ပစ်သတ်ကာ အဆုံးစီရင်ခဲ့သည်။

ဗာဂျီးနီးယား ပစ်ခတ်မှုသည် အမေရိကန်အတွက် တုန်လှုပ်စရာ မှုခင်းတစ်ရပ် ဖြစ်လာပြီးနောက် သတင်းထောက် အမျိုးသမီး၏ ဖခင်ဖြစ်သူ ပါကားက သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ဥပဒေများကို တင်းကျပ် ပြောင်းလဲရန် လိုအပ်နေပြီဟု အိုဘားမားထံ ရည်ရွယ်ပြီး ပြောကြားခဲ့သည်။ ၎င်းက အိုဘားမားကို ဦးတည်ကာ “ဒါကို ခင်ဗျား လုပ်ကိုလုပ်ဖို့ လိုတယ်။ ဒီလုပ်ဆောင်မှုအတွက် ခင်ဗျားကို ကျွန်တော် ကူညီမယ်။ သတင်းမီဒီယာတွေကလည်း ခင်ဗျားနဲ့အတူ ရပ်တည်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက်လည်း ကိုယ့်အသိုက်အဝန်းထဲက လူတစ်ယောက်ကို လောလောလတ်လတ် ဆုံးရှုံးထားရလို့ပဲ”ဟု BBCမှတစ်ဆင့် ပြောကြားခဲ့သည်။

၎င်းက လက်နက် ထုတ်လုပ်ရေး လုပ်ငန်းကြီးများ၏ ဖိအားပေးမှုကြောင့် လက်ရှိ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ပြောင်းလဲရေးမှာ အလွန်ခက်ခဲမည်ကို သိသော်လည်း သမ္မတ အနေဖြင့် ယင်းစိန်ခေါ်မှုကို ရင်ဆိုင်သင့်ကြောင်း ဆိုသည်။

မစ္စတာပါကားက “သမ္မတကြီးခင်ဗျား။ ဒါကို ခင်ဗျားလုပ်ဖို့ လိုပါတယ်။ ကျေးဇူးပြုပြီး လုပ်ကိုလုပ်ပေးပါ။ ကျွန်တော်တို့အတွက်၊ ပြီးတော့ နောက်ထပ် သားသမီးတွေ ဆုံးရှုံးဖို့ ခြိမ်းခြောက်ခံနေရတဲ့ လူတွေအတွက် ဒီအပြောင်းအလဲက လိုအပ်ပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။

အိုဘားမားသည် နယူတန်ရှိ ကျောင်းတစ်ကျောင်းတွင် လူ ၂၆ ဦးသေဆုံးသည့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ် ရောင်းချရာတွင် ဝယ်ယူသူ၏ နောက်ခံဘဝနှင့် စိတ်အခြေအနေတို့ကို စစ်ဆေးရန်၊ အရပ်သားများက ကျည်ဆန် အမြောက်အမြား ဆက်တိုက် ပစ်ခတ်နိုင်သည့် ရိုင်ဖယ်သေနတ်များ ဝယ်ယူခွင့်ကို ပိတ်ပင်ရန် အဆိုပြုသည့် ဥပဒေကို ထောက်ခံခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အဆိုပါ ဥပဒေပြုရေး ကိစ္စ ပယ်ချခံခဲ့ရသည်။

 ပြီးခဲ့သည့်လကလည်း BBCနှင့် အင်တာဗျူးတွင် အိုဘားမားက သေနတ်ကိုင်တွယ်မှုနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ဥပဒေများကို ပြောင်းလဲမြှင့်တင်ရန် ကြိုးစားမှု မအောင်မြင်ခဲ့ခြင်းသည် မိမိ၏ သမ္မတ သက်တမ်းတွင် အဆိုးဆုံး စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခုဟု ဝန်ခံသွားခဲ့ဖူးသည်။

_Ref: Nytimes

No comments:

Post a Comment