Sunday 26 July 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ပုတ်ခတ်သည့် လက်ကမ်းစာရွက် ဖြန့်ဝေသူများကို တရားစွဲဆို

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ရွှေသာလျောင်း ဘုရားဝင်းအတွင်း နတ်စင်တစ်ရာ ဆရာတော် ဦးဆောင်ပြုသည့် စတုဒီသာအလှူပွဲတွင် NLD ပါတီ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုတ်ခတ်ဝေဖန်ထားသော လက်ကမ်းစာစောင်များ၊ စီဒီချပ်များ ဖြန့်ဝေခဲ့သူ သုံးဦးကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားကြောင်း မြောင်းမြမြို့နယ် NLD ပါတီ တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ စတုဒီသာအလှူပွဲကို ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး NLD ပါတီနှင့် ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုတ်ခတ်ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခြင်းကို ဒေသခံသုံးဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမောင်ဖုန်းက The Voice သို့ ပြောကြားသည်။
“စာရွက်ဝေတဲ့သူတွေက ဒေသခံတွေပဲ။ ဒါပေမဲ့ သူတို့က ဘယ်ပါတီဝင်ထားတယ် ဆိုတာတော့ မသိသေးဘူး။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့က မြောင်းမြမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တယ်။ အမည်သိတာက နှစ်ဦးနဲ့ အမည်မသိက တစ်ဦးပါ။ သူတို့ကို ပုဒ်မတော့ မတပ်ရသေးဘူးပေါ့” ဟု ဦးမောင်ဖုန်းက ရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားသူ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းမောင်ကို ဇူလိုင် ၂၂ ရက်နေ့က မြို့နယ်တရားရုံးမှ ခေါ်ယူစစ်ဆေးခဲ့ပြီး လာမည့် သြဂုတ် ၆ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ခေါ်ယူထားကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
သို့သော်လည်း ဇူလိုင်လ ၁၈ ရက်က ပြုလုပ်ခဲ့သည့် စတုဒိသာအလှူပွဲတွင် စာရွက်ဖြန့်ဝေသူ သုံးဦးကို ယနေ့ (ဇူလိုင်လ ၂၅ ရက်) အထိ ခေါ်ယူစစ်ဆေးခြင်း မရှိသေးသလို တရားရုံးမှ ဖမ်းဝရမ်း ထုတ်ထားခြင်းလည်း မရှိသေးဟု ဦးမောင်ဖုန်းက ဆိုသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှသိန်းဆွေက “အဲ့ဒီစာ ဖြန့်ဝေတဲ့သူတွေက ကျွန်တော်တို့ ပါတီဝင် မဟုတ်ဘူးဆိုတာ ပြောထားပြီးသားပါ။ အခုကျူးလွန်တဲ့သူတွေကို မိထားပြီဆိုတော့ အဖြေမှန်ပေါ်မှာပါ” ဟု မှတ်ချက်ပေးသည်။
အဆိုပါ ဖြန့်ဝေခဲ့သည့် စာစောင်တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) တံဆိပ်ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မဲပေးမည်ဆိုပါက တိုင်းပြည်နှင့် သာသနာ အန္တရာယ်ကျရောက်နိုင်သည်ဟု ဖော်ပြထားကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့တွင် နတ်စင်တစ်ရာ ဆရာတော် ဦးဆောင်ပြုလုပ်ခဲ့သည့် စတုဒိသာ အလှူပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကြံ့ခိုင်ရေးပါတီဝင်များ တက်ရောက်ခဲ့ကြသည်ဟု မြောင်းမြမြို့ NLD ပါတီဝင်များထံမှ သိရသည်။

(စိုးမင်းအောင်)

The Voice Weekly

No comments:

Post a Comment