Sunday 28 June 2015

ပဲတီစိမ်းစိုက်ပျိုးသူများအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည်

ပဲတီစိမ်းများ ထုတ် လုပ်မှုအရည်အသွေး မကျဆင်း စေရန် တောင်သူပညာပေးလုပ် ငန်းများကို စက်တင်ဘာအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(ကုန်စည်ဒိုင်)မှ သတင်းရရှိသည်။
ပဲပင်ပေါက်ပြုလုပ်ရန် မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို အင်္ဂလန်၊ ဂျာမနီ၊ ဟော်လန်၊ ပြင်သစ် နိုင်ငံများက ၂၀၁၂ မှစ၍ လက်ရှိ အချိန်ထိ ဝယ်ယူနေကြောင်း အဆိုပါအသင်းမှ သိရသည်။
‘‘ပညာပေး  လုပ်ငန်းကို ဥရောပနိုင်ငံ တချို့က ပညာရှင် တွေကိုယ်တိုင် ပဲတီစိမ်းစိုက်မယ့် ဒေသတွေကို သွားပြီး တောင်သူ တွေကို ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်။ ဘာတွေကို ပညာ ပေးလုပ်သွားမှာလဲဆိုတော့ ဥရောပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စားသုံးသူ အန္တရာယ်ကင်းရှင်းဖို့ စံချိန်စံညွှန်းတွေကို ရှင်းပြသွား မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

ပဲတီစိမ်း စိုက်ပျိုးမှုများနှင့် ပတ်သက်၍ ဥရောပနိုင်ငံများက သတ်မှတ်ထားသည့် စံချိန်စံညွှန်း များမှာ နည်းစနစ်ကျကျနှင့် သန့်ရှင်းအောင် စိုက်ပျိုးခြင်း ရှိ၊ မရှိ သတ်မှတ်ထားသော ပိုးသတ်ဆေး အသုံးပြုခြင်းရှိ၊ မရှိ စစ်ဆေးကာ အသိအမှတ်ပြုလက်မှတ်ထုတ် ပေးမည်ဖြစ်သည်။

‘‘ပဲတီစိမ်းစိုက်မယ့် ရာသီ ရောက်တိုင်း တောင်သူပညာပေး  လုပ်ငန်းတွေကို စနစ်တကျ လုပ် ဆောင်ရတာက ရရှိထားတဲ့ ဥရောပဈေးကွက်ကို မပျောက်သွားရ အောင်ပါ။ သူတို့နိုင်ငံတွေက ဈေးကောင်းပေးပြီး ဝယ်ယူတယ်။ အခုနှစ်မှာ ပဲတီစိမ်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၄၀၀ ပေး တယ်။ တခြားဝယ်ယူနေတဲ့အိန္ဒိယနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ဒီလောက် ဈေးမပေးဘူး’’ဟု ဒုဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောကြား သည်။

ဥရောပနိုင်ငံအချို့သို့ တင်ပို့နေသော ပဲတီစိမ်းများကို ယခုနှစ်ဒီဇင်ဘာတွင် ခရမ်း၊ ကျောက် တန်း၊ သုံးခွနှင့် ကဝ(အုန်းနှဲ)ဒေသ များတွင် စိုက်ပျိုးသည်။ အရည် အသွေးမီ ထွက်ရှိလာသော ပဲတီ စိမ်းများကို လာမည့်နှစ် ဖေဖော် ဝါရီတွင် တင်ပို့မည် ဖြစ်သည်။ ယခု ၂၀၁၅ တွင် ဥရောပနိုင်ငံသို့ ပဲတီစိမ်းတင်ပို့မှုမှာတန်ချိန် တစ် သောင်းခန့်ရှိကြောင်း သတင်းရရှိ သည်။

‘‘ဝယ်ယူတဲ့ နိုင်ငံတွေရဲ့ သတ်မှတ်ချက်အတိုင်း ပဲတီစိမ်း စိုက်ပျိုးတော့ မှာယူမှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ အခု လာမယ့်နှစ်မှာလည်း အရင် နှစ်တွေထက် ပိုမှာယူမယ်လို့ ခန့် မှန်းထားတယ်’’ဟု ဒုဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

ဥရောပနိုင်ငံသို့ ပဲတီစိမ်း တင်ပို့ရန် သတ်မှတ်ထားသော ဒေသ လေးခုတွင် စိုက်ပျိုးရခြင်းသည် မြေဆီလွှာ ကောင်းမွန်၍ အရည်အသွေးမီ ပဲတီစိမ်းများ ထွက်ရှိခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

 မြန်မာနိုင်ငံမှ  ပဲမျိုးစုံကိုပြည်ပမှ ဝယ်ယူမှုသည် တစ်နှစ်လျှင် တန်ချိန်တစ်သန်းခွဲနှင့် နှစ်သန်းကြားရှိပြီး အမေရိကန်ဒေါ်လာသန်း ၁,၅၀၀ ခန့် နိုင်ငံခြားဝင်ငွေ ရရှိနေကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment