Thursday 11 June 2015

ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများတွင် ဒေါ်လာများဝယ်ယူ ခက်ခဲနေ

 တရားဝင် သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းအတိုင်း ဒေါ်လာများ ရောင်းဝယ်ကြရန် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များကို ညွှန့်ကြားထားသောကြောင့် ပြင်ပပေါက်ဈေးနှင့် ကွာဟမှုကြီးမားနေပြီး ပုဂ္ဂလိကဘဏ်များမှ ဒေါ်လာအရွက်လိုက် ထုတ်ရောင်းခြင်း မပြုတော့ကြောင်း ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။ဇွန် ၉ ရက်နေ့တွင် ပြင်ပငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၂၀၇ ကျပ်အထိ မြင့်တက်နေသော်လည်း ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းကို တစ်ဒေါ်လာ ၁၁ဝ၅ ကျပ်သတ်မှတ်ထားပြီး သတ်မှတ် ပုဂ္ဂလိကဘဏ်များကိုလည်း အပေါင်း ၀.၈ရာခိုင်နှုန်းနှင့် အနှုတ် ၀.၈ ရာခိုင်နှုန်းသာ ရောင်းချခွင့်ပြုထားခြင်းဖြစ်ကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက
ပြောသည်။

ထိုသို့ဈေးနှုန်းကွာဟချက် ကြီးမားသောကြောင့် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာများကို အရွက်လိုက်ရောင်းချခြင်းမပြုတော့ဘဲ ဘဏ်အကောင့်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းသည့်စနစ်ဖြင့်သာ ရောင်းချပေးနေကြောင်း ပြည်တွင်းဘဏ်များမှ စုံစမ်းသိရသည်။
"ကျွန်တော်တို့ ဘဏ်မှာတော့ ဒေါ်လာကို အရွက်လိုက်မရောင်းတော့ပါဘူး။ ကျွန်တော်တို့ဘဏ်မှာလုပ်ထားတဲ့ Account to Account ဆိုရင်တော့ရမယ်။ ပြင်ပဈေးကွက်နဲ့ အရမ်းကွာနေတဲ့အတွက် ထုတ်မရောင်းပေးနိုင်တာပါ။"ဟု ပြည်တွင်းဘဏ်တစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။
ဗဟိုဘဏ်မှ တရားဝင်သတ်မှတ်ထားသော ဈေးနှုန်းသည် ပြင်ပမှောင်ခိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းနှင့် ကွာခြားနေသောကြောင့် မှောင်ခိုဈေးကွက်အတွင်းသာ အရောင်းအ၀ယ်ဖြစ်နေကြကြောင်း ပြင်ပငွေလဲ ရောင်းဝယ်သူများက ပြောသည်။
Farmer Money Changer မှ ဦးမျိုးထွေးက "အကိုတို့ Money Changer တွေကတော့ ဗဟိုဘဏ်ကဖွင့်ပေးထားတဲ့ ဈေးနှုန်းကိုပဲလိုက်ပြီး အလုပ်လုပ်နေရတာပေါ့။ ဒါပေမယ့် ဗဟိုဘဏ်ရဲ့ဈေးနှုန်းနဲ့လက်ရှိပေါက်ဈေးနဲ့က အရမ်းကွာနေတဲ့အခါကြတော့ သိပ်ပြီးအရောင်းအ၀ယ်မရှိဘူးပေါ့။ အကိုတို့ကတော့ ၀ယ်လို့ရသလောက်ပြန်ရောင်းပေးနေပေမယ့် ဈေးကကွာနေတဲ့အခါကြတော့ ကိုယ့်ကိုလည်း ရောင်းပေးမယ့် သူကမရှိဘူး ဖြစ်နေတယ်။" ဟု ပြောသည်။
နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဇွန်လ ၉ ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၂၀၅ ကျပ်၊ ရောင်းဈေး ၁၂၀၇ ကျပ်အထိ ပေါက်ဈေးရှိနေပြီး  အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ကြောင်း ငွေကြေးလဲလှယ်မှု စာရင်းများအရ သိရသည်။
"ကျွန်တော်လက်ရှိ ဘဏ်တွေအနေနဲ့ အခက်အခဲကတော့ရှိတယ်။ ၀ယ်လိုအားနဲ့ ရောင်းလိုအားနေရာမှာပေါ့။ အပြင်ကဈေးနှုန်းနဲ့ ကလည်းအရမ်းဟနေတယ်ဆိုတော့ ကျွန်တော်တို့ကလည်း ဗဟိုဘဏ်ရဲ့စည်းကမ်းကို လိုက်နာရတယ်ဆိုတော့ အပြင်ကလူ တစ်ယောက်က ဘဏ်မှာလာဝယ်ပြီး Money Changer မှာ ပြန်ရောင်းရင်တောင် အမြတ်က တော်တော်ရနေပြီဆိုတော့ အဲ့ပြဿနာလေးတွေတော့ရှိတယ်။" ဟု ဧရာဝတီဘဏ်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသူရမောင်ကပြောသည်။
"လာဝယ်တဲ့သူ အကုန်လုံးကိုတော့ မရောင်းနိုင်ဘူးပေါ့။ ဥပမာ နိုင်ငံခြားကို ဆေးသွားကုမယ်ဆိုရင် သူ့ရဲ့စာရွက်စာတမ်းတွေ လေယာဉ်လက်မှတ်တွေကိုစစ်ပြီးတော့ ရောင်းပေးတယ်။ ကုန်သွယ်ရေးအတွက်ကတော့ Corporate Account တွေ ရှိရင်ရောင်းပေးပါတယ်" ဟု ၎င်းက ဆက်၍ပြောသည်။
ဗဟိုဘဏ်အနေနှင့် မေလဒုတိယပတ်အတွင်းက နိုင်ငံခြားသုံးငွေ ရောင်းဝယ်ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိကဘဏ်များနှင့် ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ငွေလဲကောင်တာများအားတွေ့ဆုံခဲ့ပြီး သတ်မှတ်ဈေးနှုန်းအတိုင်းမဟုတ်ဘဲ ရောင်းချလိုသော ဈေးနှင့် ရောင်းချနေခြင်းတွေ့ရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရေးယူ ဆောင်ရွက်ရန် စီစဉ်နေကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုတိယ ညွှန့်ကြားရေးမှူးချုပ် ဦးဝင်းသော် အားမေးမြန်းခဲ့သော်လည်း သတင်းဌာနများအား ပြောကြားရန် အစီစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
mizzima

No comments:

Post a Comment