Sunday 21 June 2015

ကျောင်းသားသပိတ် ပြန်စမည်

ပြည်ထောင်စုလွှတ်တော်က အပြီးသတ် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီထားသည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် အပါအဝင် အချက်အလက်အချို့ မပါ၍ သပိတ်တိုက်ပွဲများ ဆက်လုပ်မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောကြားသည်။
ရန်ကုန်မြို့တော် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ဇွန်လ ၂၀ ရက် နေ့လယ် ၁ နာရီခန့်က ပြုလုပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဒုတိယအကြိမ် ညီလာခံ သဘောတူညီချက်များ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုဥပဒေက ကျောင်းသားတွေ တောင်းဆိုတဲ့ ဥပဒေ မဟုတ်ဘူး ဖြစ်နေတယ်၊ ပြန်လည်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြန်လုပ်ရမယ့် အခြေအနေ ဖြစ်လာတယ်၊ အားလုံး ပါဝင် ကန့်ကွက်လှုပ်ရှားနိုင်တဲ့ လှုပ်ရှားမှု ဖြစ်စဉ်ကြီးတစ်ခု ဖြစ်အောင်တော့ ကြိုးစားသွားမှာ” ဟု ကိုအောင်နေပိုင်က ပြောကြားသည်။
အစိုးရ၊ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ သဘောတူထားသည့် လေးပွင့်ဆိုင် သဘောတူညီချက်များ ချိုးဖောက်နေ၍ သပိတ်စစ်ကြောင်းများ ဆက်ထွက်ရေးနှင့် ကန့်ကွက်လှုပ်ရှားမှုများ ဆက်လုပ်ရန် တကသ၊ ဗကသအဖွဲ့များ ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတွင် ပါဝင်သော မြေလတ်သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်းနှင့် ထားဝယ်သပိတ်စစ်ကြောင်းတို့သည် လေးပွင့်ဆိုင် ဆွေးနွေးစဉ် သပိတ်စစ်ကြောင်း ရပ်နား၍ စောင့်ကြည့်နေခြင်းသာ ဖြစ်၍ သပိတ်လှန်ခြင်း မဟုတ်သောကြောင့် အချိန်မရွေး သပိတ်တိုက်ပွဲ ပြန်လည်စတင်နိုင်ကြောင်း ကိုအောင်နေပိုင်က ဆက်လက်ရှင်းပြသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဇွန်လ ၁၈ ရက်က အပြီးသတ် မဲခွဲဆုံးဖြတ်ရာ ပြည်သူ့လွှတ်တော် အတည်ပြုချက် အများအပြားဖြင့် အတည်ပြုလိုက်ပြီး ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ တက္ကသိုလ် ပဋိညာဉ်အရ ဖွဲ့စည်းခွင့် ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
“ဒီမိုကရေစီစနစ် ထူထောင်တဲ့အခါ သမိုင်းကို ပြန်လိုချင်တာဖြစ်တဲ့ အတွက် ဖြိုခွဲဖျက်ဆီးခံရတဲ့ ကျောင်းသားသမဂ္ဂတွေ ပြန်လည်တည်ရှိဖို့ လိုတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ရှိဖို့ လိုတယ်။ အဲဒါကို ဥပဒေနဲ့ ပြဌာန်းဖို့လိုတယ်” ဟု NNER ခေါင်းဆောင်ဖြစ်သူ ဒေါက်တာသိန်းလွင်က ပြောကြားသည်။
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ကျောင်းသားသမဂ္ဂများက ယင်းသို့ တောင်းဆိုချက်များ အပြည့်အဝ မပါ၍ တိုက်ပွဲများ ဆက်လုပ်မည် ဆိုခြင်းသည် NNER ၏ တိုက်တွန်းမှု မဟုတ်ဘဲ ကျောင်းသားသမဂ္ဂများ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုခဲ့သည့် အမျိုးသားပညာရေး ဥပဒေတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောထားကွဲလွဲချက် များစွာရှိသော်လည်း ပြည်သူ့လွှတ်တော် အတည်ပြုချက် အများအပြားဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခြင်းကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့နှင့် NNER အဖွဲ့ဝင် အချို့က ပြောဆိုလျက်ရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက “ဥပဒေတစ်ခုလုံးမှာ ရှေ့နဲ့နောက် ပြဌာန်းချက်တွေနဲ့ အကျုံးဝင်ပြီး အကောင်းမွန်ဆုံး ပညာရေး ဥပဒေ ဖြစ်အောင် အတည်ပြုလိုက်တာပါ” ဟု ပြောဆိုထားသည်။
အမျိုးသားပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး ဖေဖော်ဝါရီလ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရေး၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲရေး စသည့် အချက်များအပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲမူ အဖြစ် သပိတ်တွင် ပါဝင်သူများ ဖမ်းဆီးအရေးယူခြင်း မပြုရေး အချက်များကို သဘောတူညီခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment