Saturday 6 June 2015

ရန်ကုန်တွင် မိန်းကလေးချင်း ဓားထောက်လုယက်မှုဖြစ်ပွား


ရန်ကုန်တိုင်း တာမွေ မြို့နယ်တွင် အသက်(၂၀)ခန့် မိန်းကလေးချင်း ဓားဖြင့်ထောက်ကာ လုယက်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၄ ရက် ညနေက အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လစာထုတ်ပြီး ဧရာဝတီတိုင်း မော်ကျွန်းမြို့သို့ပြန်ရန် အချိန်မမီတော့သဖြင့် လမ်းမတော်မြို့နယ် (၁၅)လမ်းမှ ၎င်းနေထိုင်သည့် တာမွေမြို့နယ် (၁၃၃)လမ်းရှိ အဆောင်သို့ ပြန်ရန် ကားငှားစီးရာ လမ်းကြောင်းတူသည့် မိန်းကလေးတစ်ဦးနှင့် ပေါင်း၍ ငှားစီးခဲ့သည်။
(၁၃၅)လမ်း အရောက်၌ ကားအတူငှားစီးလာသည့် အသက်(၂၁)နှစ်အရွယ် မိန်းကလေးက တိုက်ခန်းလေးလွှာသို့ လိမ်ညာခေါ်ဆောင်သွားကာ ဓားထောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ အမှုစစ်အရာရှိက ပြောကြားသည်။
‘‘လုတဲ့အမျိုးသမီးနဲ့ (၁၅)လမ်းကနေ ကားအတူတူ ငှားစီး လာတာ။ သူ့ပစ္စည်းတွေတောင် ကူသယ်ပေးသေးတယ် ပြော တယ်။ (၁၃၅)လမ်းရောက်တော့ လုတဲ့အမျိုးသမီးက ပစ္စည်းပို့စရာ ရှိလို့ဆိုပြီး တိုက်ခန်းလေးလွှာကို ခေါ်ပြီး ဓားထောက်လုတာ’’ဟု အဆိုပါ အမှုစစ်ရဲအရာရှိက ပြော ကြားသည်။
(၁၃၅)လမ်းရှိ ပန်းချယ်ရီ တိုက်လေးလွှာ အရောက်တွင် လှေကား၌ လုယက်သည့် မိန်းကလေးက ဓားဖြင့်ထောက်ကာ ရွှေဆွဲကြိုး၊ ရွှေနားကပ်(ကာလတန်ဖိုး ကျပ်သုံးသိန်းကျော်)ကို လုယူထွက်ပြေးခဲ့သော်လည်း လုယူခံရသည့် မိန်းကလေးက အော်ဟစ်အကူအညီ တောင်းသည့်အတွက် ရပ်ကွက်နေ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးခဲ့သည်။ ဓားထောက်ပစ္စည်းလုယူ သည့် မိန်းကလေးမှာ သာကေတ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်း ကို ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ပြီး တာမွေမြို့မရဲစခန်းမှ ရဲအုပ်ခင် ဝင်းက ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းတွင် အမျိုးသမီးချင်း ဓားထောက်လုယက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိက ပြောသည်။
ရန်ကုန်တိုင်းတွင် ၂၀၁၅ မေလအထိ လုယက်မှု ၁၆ မှုရှိခဲ့ပြီး၂၀၁၄ အတွင်း လုယက်မှု ၄၈ မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment