Monday 15 June 2015

ကြက်သွန်နီဈေး ၁၀၀ ကျပ်ခန့်တက်

ကြက်သွန်နီလက်ကား ဈေးကွက်တွင် ကြက်သွန်နီအရွယ်အစားအလိုက် မူရင်းဈေးထက် ၁၀၀ ကျပ်ခန့် ဈေးတက်သွား ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ သတင်းရရှိသည်။လက်ရှိလက်ကားဈေးကွက် တွင် ကြက်သွန်နီ (အသေး) တစ် ပိဿာ ၄၀၀ ကျပ်ခန့်၊ ကြက်သွန် နီ (အလတ်) တစ်ပိဿာ ၄၆၅ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၅၁၀ ကျပ်ခန့်ဈေးရှိသည်။ မေလလယ်က ကြက်သွန်နီ (အသေး)တစ်ပိဿာ ၃၀၀ ကျပ်ခန့်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာ ၃၆၀ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၄၀၀ ကျပ်ခန့် ရှိခဲ့သည်။ ‘‘ဒေါ်လာဈေးတက်တော့ ပို့ကုန်သမားတွေကိုက်လို့ ကြက် သွန်နီတွေ အသွင်းများတယ်။ နွေ ကြက်သွန်စိုက်တောင်သူတွေက တော့ အခြေအနေကောင်းတယ်’’ ဟု ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း (ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင် ဟန်က ပြောသည်။

ဈေးကွက်တွင် ဆိပ်ဖြူ၊ မြင်းခြံ၊ တောင်သာ၊ ပျော်ဘွယ်၊ ပခုက္ကူစသည့် ဒေသထွက် ကြက်သွန်နီ များ ၀င်ရောက်နေပြီး ဘုရင့်နောင်ကုန်စည်ဒိုင်သို့လည်း တစ်ရက်လျှင် ကြက်သွန်နီကားအစီးရေ၂၅ စီးခန့် ပုံမှန်ဝင်ရောက်နေကြောင်း သိရသည်။ ဈေးကွက်အတွင်း ၀င် ရောက်နေသည့် နွေကြက်သွန် များကို လက်ရှိတွင် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့က ၀ယ်ယူမှုအ များဆုံးဖြစ်နေပြီး မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့က အနည်းငယ်သာဝယ်ယူမှုရှိသည်။

လက်ရှိတွင် ပို့ကုန်လုပ်ငန်း ရှင် ကုန်သည်များက ကြက်သွန်နီ ၀ယ်ယူရာ၌ ကြက်သွန်နီထွက်ရှိသည့် ဒေသများသို့သွား၍ တိုက် ရိုက်ဝယ်ယူမှုများလာသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီကို ပြည်ပသို့ တင်ပို့နေသည့် ပွဲရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက ‘‘ဒီနှစ်တော့ ကြက်သွန်နီပြည်ပပို့တာ ကျွန်တော်တို့ပွဲရုံက အရမ်းနည်းတယ်။ ကြက်သွန်နီ အရည်အသွေး ကျဆင်းတာကြောင့်လည်း ပါတယ်။ အိတ်စပို့သမားတွေကလည်း ရန်ကုန်ဈေးကွက်ကို မလာတော့ဘူး။ ရန်ကုန်ဈေးကွက်က ဟာလာဟင်းလင်းပြင်ကြီး ဖြစ်နေတယ်’’ဟု ပြောသည်။ ကြက်သွန် အိတ်စပို့သည် တစ်နေ့လျှင် တရုတ်နိုင်ငံသို့ ကား ငါးစီး၊ ထိုင်းနိုင်ငံသို့ ကားငါးစီးဖြင့် ပုံမှန်တင် ပို့နေရပြီး ကြက်သွန်နီတစ်တန်လျှင် FOB ဈေးနှုန်းဒေါ်လာ ၂၈၀ နှင့် ၃၁၀ ကြား ဈေးရရှိသည်။
7 day

No comments:

Post a Comment