Sunday 31 May 2015

ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်


ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်တွေ ဟာ KIA ခေါင်းဆောင်တွေဆီကို ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ မြေမြှုပ်မိုင်းတွေ ပြန်လည် ရှင်းလင်းဖော်ထုတ်ပေးဖို့နဲ့ မိုင်းအသစ်တွေ ထပ်ပြီး မထောင်ဖို့ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသခံတိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို KIA က ဂရုမစိုက်ဘဲ ဥပေက္ခာပြုခဲ့ပါတယ်။ မြေမြှုပ်မိုင်း ဟောင်း တွေကို ဖော်မပေးတဲ့အပြင် မိုင်းအသစ်တွေပါ ထပ်ပြီး ထောင်နေတာတွေ့ရပါတယ်။ KIA ဟာ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာပတ်ဝန်းကျင်၊ ဒေသခံတွေ သွားလာ လုပ်ကိုင်နေတဲ့ လယ်ကွင်း၊ ယာတောတွေ အနီးမှာ ထောင်လာတာ ဖြစ်ပါ တယ်။ လတ်တလော အထောက်အထားအဖြစ် ပြစရာရှိပါတယ်။ KIA အဖွဲ့က မိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ တွေကို မေလ ၁၁ ရက်နေ့က စာပို့ထားတယ်လို့ အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ သိရပါတယ်။ အဲဒီစာဟာ ဒေသခံရွာသူ ရွာသားတွေကို တောတွင်း ၀င်၊ ထွက်သွားလာခြင်းမှ တားမြစ်ပေးဖို့ အကြောင်းကြားတဲ့စာလို့ ဆိုပါတယ်။

အဲဒီ အကြောင်းကြားစာနဲ့ ပတ်သက်ပြီး စာပေးပို့ခြင်းခံရတဲ့ နတ်ကြီး ကုန်းကျေးရွာက ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးအား မေးမြန်း ကြည့်ရာ “ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရွာကို လိပ်မူပြီး ပေးတာပါ။ ကျွန်တော်တို့ ရွာသူရွာသားတွေ သွားလာလုပ်ကိုင်နေတဲ့ လယ်မြေ၊ တောင်ယာ၊ အခင်း၊ နှစ်ရှည်ခြံတွေနားမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ အတွက် တောထဲမလာဖို့ တားမြစ်တာပါ၊ ကျွန်တော်တို့ ရွာသားတွေက တောထဲတောင်ထဲ မသွားလို့မှ မရတာ၊ အဲဒီ တားမြစ်တဲ့ စာနဲ့ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို ပေးလိုက်ပါတယ်၊ အဲဒီ အဖွဲ့က ဆက်လုပ် ပေးမယ်လို့ သိရတယ် ” ဟု ဖြေကြားခဲ့ပါတယ်။

အဆိုပါ တားမြစ်စာနှင့်ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်) မှ ပြည်နယ် ၀န်ကြီးချုပ်ထံ ဆက်လက်ပေးပို့ ထားကြောင်းနှင့် KIA အဖွဲ့မှ ထောင်ထားသော မြေမြှုပ်မိုင်းများ နင်းမိ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူ ဒေသခံများ၏ နစ်နာဆုံးရှုံးမှု များကိုလည်း ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။

“ ဒီမြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံတိုင်းရင်းသားအားလုံးအတွက် အခုလို လုပ်ရတာပါ။ ရှမ်းမျိုးနွယ်စုတွေ အပေါ် KIA အနိုင်ကျင့်တာ များနေပြီ၊ အလားတူ အခြား ဗမာ၊ ကချင်၊ လီဆူး၊ ပလောင် တိုင်းရင်းသားတွေကို လည်း အနိုင်ကျင့်တာ ပါပဲ။ အခုကိစ္စက တောထဲ ၀င်/ထွက်ခွင့် မပြုဘူး ဆိုတော့ ရွာသားတွေ ဘာလုပ်စားရမလဲ၊ ရွာသားတွေရဲ့ စားဝတ်နေရေး ကိုလည်း သူတို့က ဘာမှ ဖြေရှင်းပေးနိုင်တာ မဟုတ်ဘူး၊
အခုတောထဲမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်၊ သက်သေပြ စရာစာလည်းရှိတယ်။ တာဝန်ရှိတဲ့ အဖွဲ့တွေက ဒီကိစ္စကို ထိထိ ရောက်ရောက် ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒေသခံတွေ အတွက် အရမ်းအန္တရာယ်များတယ် ” ဟု မိုးကောင်းမြို့ခံ တစ်ဦးက ဆိုပါတယ်။

KIA အဖွဲ့မှ တောတွင်း ၀င်/ထွက် ခြင်း မပြုရန် တားမြစ်ခံရတဲ့ ကျေးရွာများမှာ မိုးကောင်းမြို့နယ်အတွင်းရှိ အင်ဖျင်ကျန် ခန်၊ ဆွတ်လျံ၊ ကောင်ရာ၊ ဘန်ကောက်၊ တ၀ါးကောင်း၊ ဘန်ဒေါင်၊ လွယ်ဆုန်း၊ လွယ်လောင် ကျေးရွာများဖြစ်ကြောင်း သိရပြီး မိုးဦးရာသီရောက်ပြီဖြစ်၍ ထွန်ယက်စိုက်ပျိုးရန် မြေမြှုပ်မိုင်းများကြောင့် သွားလာရေး အခက်အခဲဖြစ်နေကြောင်း လည်း ဒေသခံအချို့က ဆိုပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ပေးပို့ထားသော စာထဲတွင် မိုးကောင်း မြို့နယ်၊ ဆားမှော်ဒေသ၊ ဆားမှော်ကျေးရွာ လယ်ကွင်းများတွင် ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး သေဆုံးဒဏ်ရာရသူ ရွာသူရွာသားများရဲ့ စာရင်းကိုလည်း ထည့်သွင်းဖော်ပြ ထားကြောင်း သိရပါတယ်။

“ ဒီနှစ်ထဲမှာဖြစ်တဲ့ ဖြစ်စဉ်တွေလည်း ထည့်ရေးထားပါတယ်၊ ဧပြီလ ၄ ရက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မှာ အသက်(၁၆) နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွာတယ်၊ ဧပြီလ ၂၁ ရက်နေ့တုန်းက အိမ်သုံးထင်း သွားရှာတဲ့ လူငယ်နှစ်ဦး မိုင်းနင်းမိလို့ အခုထိ ဆေးရုံမှာ ကုနေရတယ်၊ ဒီလ ၅ ရက်နေ့က ထင်းသွားရှာတဲ့ ဦးနော်နန် လည်း မိုင်းထိပြီး ဆေးရုံမှာ ကုသနေရတုန်းပဲ။ ၁၇ ရက်နေ့တုန်းက ငါးရှာသွားတဲ့ လူငယ်နှစ်ဦး မိုင်းနင်းမိလို့ ဆေးရုံ မှာ အခုထိ ကုသနေရတယ်။ ဒါဟာ KIA ရဲ့ လက်ချက်ပဲလေ၊ သူတို့ကြောင့် မိုင်းနင်းမိတဲ့ ရွာသားတွေကို လာမေးဖော်မရသလို တာဝန်ယူမှုလည်း မရှိဘူး၊ ဘယ်လောက်ထိအောင် မိုက်ရိုင်းသလဲဆိုရင် မိုင်းနင်းမိတဲ့ ရွာသားဆီကတောင် မိုင်းဖိုးလျော်ကြေးငွေ ပြန်တောင်း သေးတယ် ” ဟု ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

KIA အဖွဲ့ရဲ့ မြေမြှုပ်မိုင်းများ နင်းမိပေါက်ကွဲမှုကြောင့် ဒေသခံရွာသူရွာသားအချို့ သေဆုံးဒဏ်ရာရမှုများ ကြုံတွေ့နေရ သည့်အပြင် ယခုကဲ့သို့ တောတွင်း ၀င်/ထွက်ခြင်းမပြုရန် ခြိမ်းခြောက်ဖိအားပေးစာများ ပေးပို့လာ တဲ့အတွက် ဒေသခံများ မှာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။အဲဒီလို ခြိမ်းခြောက်စာများ ပေးပို့ခြင်းဟာ ဒေသ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ် စေတဲ့အပြင် လယ်ယာလုပ်ငန်းခွင် ၀င်ခါနီး မိုးဦးကျအချိန်ဖြစ်၍ ဒေသခံ တောင်သူလယ်သမားများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် အမြန်ဆုံးကူညီဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွတ်လျံကျေးရွာနေ ရှမ်းတိုင်းရင်း သား တောင်သူလယ်သမားများရဲ့ ပြောဆိုမှုများအရ သိရှိရပါတယ်။

စိုင်းကောင်းခန့်

Today Myanmar

No comments:

Post a Comment