Sunday 10 May 2015

မြန်မာ ၂၈ ဦး တောထဲတွင် ပစ်ထားခံရ၊ အမျိုးသမီးလေးဦးကို ထိုင်းပွဲစားများ အဓမ္မပြုကျင့်


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာ ၂၈ ဦးကို ပွဲစားများက တောထဲတွင် ပစ်ထားခဲ့ပြီး ယင်းတို့အနက် မြန်မာအမျိုးသမီးလေးဦးမှာ ထိုင်းပွဲစားများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း မန်နေဂျာ အွန်လိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမားများသည် အစာရေစာ ငတ်ပြတ်သဖြင့် အနီးအနား ကျေးရွာများကို သွားရောက်ကာ အစားအသောက် တောင်းစားရာမှ ရွာလူကြီးက ထိုင်းတပ်မတော်ကို သတင်းပို့ခဲ့သဖြင့် ထိုင်းအစိုးရ အာဏာပိုင်များက မေလ ၈ ရက်နေ့တွင် လာရောက်စစ်ဆေးကာ ခေါ်ဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာ ၂၈ ဦးကို မြန်မာပွဲစားက ကော့သောင်းမြို့အနီးမှ ခေါ်လာခြင်းဖြစ်ပြီး ကရာ့ဘူရီမြစ်ကို ဖြတ်ကာ ထိုင်းပွဲစားများဆီသို့ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ထိုင်းပွဲစားများက ချုမ်ဖေါ်ခရိုင်တောင်ပေါ်တွင် ရှိသည့် စခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ယင်းစခန်းတွင် အသက် ၁၈ နှစ်မှ ၂၀ ကြားရှိသူ မြန်မာအမျိုးသမီးလေးဦးကို ထိုင်းပွဲစားက အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း ယင်းသတင်းအရ သိရသည်။
မြန်မာများသည် ပွဲစားခအဖြစ် ဘတ် ၁၇,၀၀၀ (ကျပ်ငါးသိန်းကျော်) ပေးခဲ့ရကြောင်း၊ မြန်မာ ၂၈ ဦး ရှိသည့် နေရာသို့ ထိုင်းအာဏာပိုင်များ လာရောက်ဖမ်းဆီးမည်ဆိုသည့် သတင်းကို ထိုင်းပွဲစားများ ရရှိသွားသောကြောင့် ထိုင်းအာဏာပိုင်များမရောက်မီ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
ထိုင်းစစ်တပ် တာဝန်ရှိသူများကမူ အဆိုပါ ဖြစ်စဉ်မျိုးသည် လူကုန်ကူးသူများ လုပ်ဆောင်နေသည့် နည်းလမ်းများဖြစ်ပြီး ယင်းသို့သော ကိစ္စများတွင် ပွဲစားများနှင့် ထိုင်းအာဏာပိုင်များ ချိတ်ဆက်မှု ရှိနိုင်ကြောင်း သုံးသပ်ထားသည်။
The Voice Weekly

No comments:

Post a Comment