Sunday 10 May 2015

ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် လေဘာပါတီခေါင်းဆောင် မီလီဘန်း ရာထူးမှ နုတ်ထွက်


ဗြိတိန်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် ရှုံးနိမ့်ပြီးနောက် လေဘာပါတီ ခေါင်းဆောင် အတ်မီလီဘန်း ရာထူးမှ နုတ်ထွက်သွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
မီလီဘန်းတွင် လူအများစုကို ဆွဲဆောင်နိုင်သည့် စွမ်းရည်ကင်းမဲ့နေသော်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလများအတွင်း ခပ်ခပ်မာမာဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းကြောင့် မဲအများစု ရနိုင်ခြေ ရှိသည်ဟု လေ့လာသုံးသပ်သူ အများစုက ခန့်မှန်းခဲ့ကြသည်။

ထို့အပြင် ရွေးကောက်ပွဲတွင်း ဗဟိုလက်ဝဲဝါဒီ လေဘာများနှင့် ဗဟိုလက်ယာဝါဒီ ကွန်ဆာဗေးတစ်များ အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မည်ဟု စစ်တမ်းများတွင် ဖော်ပြခဲ့ကြပြီး လက်ရှိဝန်ကြီးချုပ် ကင်မရွန်းကို မီလီဘန်း အနိုင်ရနိုင်သည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မဲအများစုကို ကင်မရွန်း၏ ကွန်ဆာဗေးတစ် ပါတီကသာ ရရှိသွားခဲ့သည်။
“ဗြိတိန်နိုင်ငံအတွက် အင်အားကောင်းတဲ့ လေဘာပါတီတစ်ရပ် လိုပါတယ်။ အဲဒီပါတီ ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ဖို့ အချိန်ရောက်လာပါပြီ။ ငါးနှစ်တာအတွင်း ကျွန်တော်တက်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်ပွဲမရတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်။ ဒီရလဒ်အတွက် ကျွန်တော် တာဝန်ယူသွားမှာပါ” ဟု လေဘာခေါင်းဆောင် မီလီဘန်းက ရာထူးနုတ်ထွက်ခြင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
ကလေးနှစ်ယောက်၏ ဖခင်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေသမား ဂျက်စတင်သွန်တန်၏ ခင်ပွန် ဖြစ်သူ မီလီဘန်းက ဗြိတိန်ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးမြှင့်နိုင်ရေး လုပ်ဆောင်ပေးမည်ဟု ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ပြောကြားခဲ့ကာ ကွန်ဆာဗေးတစ်-လစ်ဘရယ် ဒီမိုကရက်များ၏ စီးပွားရေး တိုးတတ်မှုများမှာ သာမန်ပြည်သူများဆီသို့ မရောက်ဟု ဝေဖန်ထားသည်။
သို့သော်လည်း မီလီဘန်းမှာ စီးပွားရေးပိုင်းဆိုင်ရာအရ ယုံကြည်ရမှု မရှိကြောင်း ၂၀၀၈ ခုနစ် ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်းလွန် ကာလတွင် ဗြိတိန်နိုင်ငံသားများ အသုံးစရိတ်ေ ချွတာရခြင်း အတွက်လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း အဓိကပါတီကြီး တစ်ရပ်မှ ခေါင်းဆောင်တစ်ဦးက မီလီဘန်းကို ဝေဖန်ထားသည်။
မီလီဘန်း၏ မိဘများမှာ ဂျူးလူမျိုး ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ပြီး ဖခင်မှာ မတ်ခ်ဝါဒ ပညာရှင်တစ်ဦး ဖြစ်ကာ မိခင်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး လက်ဝဲဝါဒီ ပညာရှင် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူ ဖြစ်သည်။
အောက်စဖို့တက္ကသိုလ် တက်ရောက်စဉ်အတွင်း ကျောင်းသားနိုင်ငံရေး လုပ်ရှားမှုများတွင် ပါဝင်ခဲ့ကာ နောက်ပိုင်းတွင် ဂျာနယ်လစ်အဖြစ် ခဏတာ လုပ်ကိုင်ခဲ့ပြီး လေဘာပါတီ ခေါင်းဆောင်မှု ရာထူးသို့ မီလီဘန်း ခပ်မြန်မြန် တက်လှမ်းနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲ အရေးနိမ့်ပြီးနောက် ပါတီခေါင်းဆောင်မှုမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment