Sunday 10 May 2015

မိုးသက်လေပြင်း တိုက်ခတ်၍ မန္တလေးမြို့တွင်း၌ သစ်ပင်များ ပြိုလဲ


မန္တလေးမြို့တွင် မေလ ၈ ရက်နေ့ညက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် မြို့နယ်အသီးသီးရှိ နေရာအတော်များများတွင် သက်တမ်းရင့် သစ်ပင်များနှင့် အခြားအပင်များ ပြိုလဲခဲ့သော်လည်း ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောကြားသည်။

“ကျွန်တော်တို့ မြို့နယ်အတွင်းမှာတော့ သက်တမ်းရင့် ညောင်ပင်ကြီးတစ်ပင် ပြိုလဲကျခဲ့တယ်။ လမ်းပေါ်ကို ပြိုလဲကျတာပါ။ အဲဒီနားမှာ လူနေအိမ်တွေလည်း မရှိတော့ ဒေသခံတစ်ဦး တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ရှင်းလင်းရေးတွေကိုလည်း မြို့တော်စည်ပင်က ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး လုပ်ဆောင်နေပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ပြောဆိုသည်။
မိုးသက်လေပြင်း တိုက်ခတ်သောကြောင့် ရပ်ကွက်အတွင်းရှိ သစ်ပင်အချို့ ပြိုလဲခဲ့သော်လည်း အများအားဖြင့် လမ်းမပေါ်သို့သာ ပြိုလဲခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူဟူ၍ မကြားမိသေးကြောင်း၊ နံနက်အစောပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ပြိုလဲခဲ့သည့် သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ ဒေါ်အေးအေးမာက ပြောကြားသည်။
မေလ ၈ ရက်နေ့ညက တစ်နာရီကျော်ကြာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့သဖြင့် မန္တလေးမြို့တွင်း နေရာအတော်များများတွင် သစ်ပင်များ ပြိုလဲခဲ့ပြီး ချမ်းမြသာစည်မြို့နယ်တွင် သစ်ပင်ပြိုလဲမှု အများဆုံးဖြစ်ခဲ့ကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ်နှင့် ကစားကွင်းများ ဌာနမှတို့မှ ဝန်ထမ်းများ ပူးပေါင်းကာ ပြိုလဲခဲ့သည့် သစ်ပင်၊ သစ်ကိုင်းများကို ရှင်းလင်းခဲ့ကြကြောင်း အဆိုပါ ဌာနများထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment