Friday 27 March 2015

အေပီဂျာနယ်လစ်များက မြန်မာအများစု ပါဝင်သော ငါးဖမ်းသမားများနှင့် တွေ့ဆုံကာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုကို ဖော်ထုတ်နိုင်ခဲ့



၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှ ရယူထားသည့် ဓာတ်ပုံတွင် ဘင်ဂျီနာမြို့၌ ထိုင်းအလံလွှင့်ထားသော ကုန်တင်သင်္ဘောပေါ်သို့ ငါးများတင်နေသော မြန်မာအလုပ်သမားများကို တွေ့ရစဉ် (ပုံကြီး)၊ ဘင်ဂျီနာမြို့ရှိ ငါးဖမ်းကုမ္ပဏီဝင်းထဲမှ အကျဉ်းစခန်းတစ်ခုတွင် တွေ့ရသော ထိုင်းနှင့်မြန်မာ အလုပ်သမားများ (ပုံသေး)

အေပီသတင်းဌာနမှ အဖွဲ့တစ်ဖွဲ့က တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းရှိ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှား အရှေ့ဖျားရှိ ကျွန်းနှစ်ကျွန်းကို ခွလျက်တည်ရှိသော မြို့ငယ်တစ်မြို့ဖြစ်သည့် ဘင်ဂျီနာမြို့အထိ အေပီသတင်းအဖွဲ့က သွားရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းမြို့တွင် အေပီဂျာနယ်လစ်များက ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေခြင်းခံရသော လက်ရှိအလုပ်သမားများနှင့် အလုပ်သမားဟောင်း ၄၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရာ အများစုသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။

အလုပ်သမား အများအပြားက သူတို့သည် ထိုင်းကပ္ပတိန်များ ဦးစီးသည့် ငါးဖမ်းသင်္ဘောများပေါ်၌ အလွန်အကျွံ ရက်စက်ကြမ်းကြုတ်သည့် အခြေအနေရပ်များအောက်၌ အတင်းအကျပ်ခိုင်းစေခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ သူတို့ထဲမှ အချို့ကို အလွန်နည်းပါးလှသော မဖြစ်စလောက် အခကြေးငွေကိုသာပေးပြီး အချို့သည် အခကြေးငွေ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိဟု ဆိုသည်။ အချို့သည် ပင်လယ်သို့ တစ်ကြိမ်ငါးဖမ်းထွက်လျှင် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီလျက် ကြာမြင့်သည်ဟု ဆိုသည်။

အေပီသတင်းအဖွဲ့သည် အထဲတွင် ကျွန်ပြုကာ ဖမ်းဆီးထားသည့် အလုပ်သမား ရှစ်ဦးရှိနေသည့် အချုပ်ခန်း တစ်ခန်းကိုလည်း တွေ့ရှိခဲ့ရပြီး ယခင်က ကိုယ်တိုင်ကျွန်ပြု ခိုင်းစေခြင်း ခံခဲ့ရသူ တစ်ဦးအား ဗီဒီယိုကင်မရာပေးကာ အနီးကပ် ရိုက်ကူးစေခဲ့သည်ဟု ဆိုသည်။

ညအမှောင်ကို အကာအကွယ်ယူကာ အေပီသတင်းအဖွဲ့သည် သစ်သားလှေတစ်စင်းဖြင့် ကျွန်ပြုခြင်းခံထားရသည့် အလုပ်သမားများ ရှိနေသော ငါးဖမ်းသင်္ဘော တစ်စင်းဆီသို့ ချဉ်းကပ်သွားခဲ့ကြသည်။ သင်္ဘောပေါ်မှ ဖမ်းဆီးကျွန်ပြု ခံထားရသူများက မိမိတို့အား ကယ်ဆယ်ရန် အေပီသတင်းအဖွဲ့အား အော်ဟစ်အကူအညီ တောင်းခံခဲ့သေးဟု ဆိုသည်။ အေပီသတင်းအဖွဲ့သည် ကျွန်ပြုခံရပြီး သေဆုံးသွားသည့် အလုပ်သမားများအား မြှုပ်နှံထားရာ တောအုပ်ထဲရှိ သင်္ချိုင်းမြေတစ်ခုဆီသို့လည်း ရွာသားများနှင့် အကျိုးအမြတ်ရယူခြင်း မရှိသည့် လူမှုရေးအဖွဲ့များမှ ၀န်ထမ်းများ ဦးဆောင်မှုဖြင့် သွားရောက်ကြည့်ရှုခဲ့သေးသည်ဟု ဆိုသည်။

အေပီသတင်းအဖွဲ့သည် ကျွန်း၏ တောနက်ပိုင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သော အလုပ်သမားဟောင်း သုံးဦးနှင့်လည်း တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပြီး ထိုသူများက သူတို့သည် ဘင်ဂျီနာမြို့မှ ထွက်ပြေး လွတ်မြောက်လာသော အခြားအလုပ်သမားများနှင့်အတူ အနီးအနား ကျွန်းတစ်ခုပေါ်ရှိ တောအုပ် တစ်ခုအတွင်း တစ်ညတာ အိပ်စက်ခဲ့ရကြောင်း ပြောပြခဲ့ကြသည်။

ယင်းကဲ့သို့ ကျွန်ပြုခံထားရသူများ ဖမ်းဆီးသည့် ငါးများကို ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် အအေးခန်း ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်သည်ကိုလည်း သတင်းအဖွဲ့က စောင့်ကြည့်ခဲ့ကြသည်။ သတင်းအဖွဲ့ သည် ဂြိုဟ်တုအချက်ပြမှုများကို အသုံးပြုလျက် အဆိုပါ သင်္ဘောနောက်သို့ ၁၅ ရက်ကြာ ခြေရာခံလိုက်ခဲ့ကြပြီး ယင်းသင်္ဘောကို ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်မြို့၌ တွေ့ရှိခဲ့ကြသည်။ အဆိုပါမြို့တွင် ငါးများကို ကုန်တင်ကားပေါင်းများစွာပေါ်သို့ လေးညတိတိ ရွှေ့ပြောင်းတင်ဆောင်ကြသည်ကိုလည်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ အေပီဂျာနယ်လစ်များသည် အဆိုပါ ကုန်တင်ကားများနောက်သို့ ခြေရာခံ လိုက်ခဲ့ကြရာ ငါးများကို ဆက်လက်လုပ်ဆောင်သည့် စက်ရုံများ၊ အအေးခန်းဂိုဒေါင်များနှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ငါးဈေးကွက်ကြီး တစ်ခုလုံးကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

Eleven Media Group 

No comments:

Post a Comment