Friday 27 March 2015

ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း ၂ဝ ရာခိုင်နှုန်းထိပေးရန် သတ်မှတ်ချက်ကို ပယ်ဖျက်၍ ပညာရေးဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


Parliament-1

 ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း သုံးစွဲရန် မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်၍ အမျိုးသား ပညာရေး ဥပဒေကြမ်းကို မတ်လ ၂၆ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအရ ကျောင်းသား၊ NNER တို့ရေးဆွဲထားသော ပညာရေး ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပါ အထက်ပါ အချက်ကို " နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း သင့်လျှော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သုံးစွဲရန် ရည်မှန်းဆောင်ရွက်ရမည် " ဟု ပြဋ္ဌာန်းသင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇောက တင်ပြခဲ့ရာ လွှတ်တော်က မဲအများစုဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

မူလအဆိုပြုချက်နှင့် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်တွင် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး၏ အသုံးစရိတ် ၂ဝ ရာခိုင်နှုန်းသုံး စွဲရန် ရည်မှန်းဆောင်ရွက်မည်ဟု တင်ပြ ထားခြင်း ဖြစ်သော်လည်း ယင်းကဲ့သို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အင်န်အယ်လ်ဒီပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ‘‘၂၀ ရာခိုင်နှုန်း ဆိုတာထက် တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး တစ်ဖြည်းဖြည်းချင်း တိုးသင့်တယ်လို့ ယူဆပါတယ်။ ရသုံးငွေပေါ် မူတည်ပြီးတော့’’ ဟု ဆိုသည်။

ထို့အပြင် မူလအဆိုပြုထားသည့် အမျိုးသားသင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီကို ပြည်သူ့လွှတ် တော်မှ ရွေးချယ်သည့် ပညာရှင် နှစ်ဦး၊ အမျိုးသားလွှတ်တော်မှ ရွေးချယ်သည့်ပညာရှင် နှစ်ဦး၊ပညာ ရေးဝန်ကြီးဌာနမှ ဘာသာရပ်လိုက် ခန့်အပ်သည့်ပညာရှင်များ၊ သင်ရိုးညွန်းတမ်း ပညာရှင်များ၊ ဆရာ သမဂ္ဂများမှ ညှိနှိုင်းရွေးချယ်သည့် အမှီအခိုကင်း ပညာရှင်နှစ်ဦး အပါအဝင် ကျောင်းသားသမဂ္ဂများမှ ရွေးချယ်သော အမှီခိုကင်းသည့် ပညာရှင်နှစ်ဦး ခန့်အပ်ရမည်ဟု ပြဋ္ဌာန်းခဲ့သော်လည်း တက္ကသိုလ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ အမည်စာရင်းတင်သွင်းသော ပညာရှင် နှစ်ဦးကို ထပ်မံထည့်သွင်း၍ ပြင်ဆင်သင့်ကြောင်း မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာဗညား အောင်မိုးက တင်ပြခဲ့ပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းပါ အချက်အများစုသည် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီတိုင်းမဲဆန္ဒနယ်မှ ဦးသိမ်းဆွေက ပြောသည်။ အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် အတည်ပြုရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ကျောင်းသားများ တောင်းဆိုသည့် အချက်များအနက် ၇၇ ရာခိုင်နှုန်းခန့် လိုက်လျောနိုင်ခဲ့သည်ဟု ဆိုသည်။

Mizzima 

No comments:

Post a Comment