Sunday 1 March 2015

အမေရိကန် မင်းသားကြီး လီအိုနက်ဒ်နီမွိုင်း အဆုတ်ရောဂါဖြင့် ကွယ်လွန်



ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Star Trek တွင် လူသားတစ်ပိုင်း ဂြိုလ်သားတစ်ပိုင်း ဇာတ်ရုပ် မစ္စတာစပေါ့ခ် အဖြစ်သရုပ်ဆောင်ကာ ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သူ အမေရိကန် သရုပ်ဆောင်မင်းသား လီအိုနက်ဒ်နီမွိုင်းသည်  ဖေဖော်ဝါရီ ၂၇ ရက်တွင် ကွယ်လွန်ခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်တွင် ၎င်း၏ အသက်မှာ ၈၃ နှစ် ရှိပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ Bob and David Gershက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လီအိုနက်ဒ်နီမွိုင်းသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပွားသော  နာတာရှည်အဆုတ်ရောဂါ(COPD)ဖြင့် ဖေဖော်ဝါရီ ၂၇ရက် နံနက်ပိုင်းက လော့စ်အိန်ဂျလိစ်မြို့ရှိနေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း သားဖြစ်သူ အက်ဒမ်က ပြောကြားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ကွယ်လွန်သူ မင်းသား လီအိုနက်ဒ်နီမွိုင်းကို ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။ အိုဘားမားက “ကျွန်တော် မင်းသားလီအိုနက်ဒ်နီမွိုင်းကို အရမ်းကြိက်နှစ်သက်ပါတယ်။လီအိုနက်ဒ်က သူ့ဘဝတစ်လျှောက်လုံးမှာ အနုပညာနဲ့ လူသားချင်း စာနာထောက်ထာမှုတွေကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက် ဖြစ်တယ်။သူဟာ သိပ္ပံပညာရပ်ကို ထောက်ခံအားပေး သူတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် သူဟာ စိတ်သဘောထားကောင်းသူ တစ်ယောက်လည်းဖြစ်တယ်” ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

လီအိုနက်ဒ်သည် သရုပ်ဆောင်ခြင်း၊ ဒါရိုက်တာလုပ်ခြင်း၊ စာရေးသားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း လူသားတစ်ပိုင်း ဂြိုလ်သားတစ်ပိုင်း ဇာတ်ရုပ် စပေါ့ခ်ဆိုသူ အဖြစ်သရုပ်ဆောင်မှုဖြင့်  လူသိများကျော်ကြားခဲ့သည်။

တွစ်တာပေါ်တွင် ကွယ်လွန်သူ လီအိုနက်ဒ်ကို ချီးကျူးဂုဏ်ပြုသည့် မက်ဆေ့ခ်ျများတွင် နာဆာမှ ပေးပို့သည့် မက်ဆေ့ခ်ျများလည်း ပါဝင်သည်။ Star Trekဇာတ်ကားအဖွဲ့ဝင်များကလည်း ချီးကျူးဂုဏ်ပြုသည့် မက်ဆေ့ခ်ျများပေးပို့ခဲ့သည်။လီအိုနက်ဒ်နှင့်အတူ Star Trek ဇာတ်ကားတွင် လေးနှစ်တာ သရုပ်ဆောင်လာခဲ့သူ ဝီလီယံ ရှက်နာကလည်း  “လီအိုနက်ဒ်ဟာ  ကျွန်တော့်အစ်ကိုလိုမျိုး ချစ်ခင်ရတဲ့ အစ်ကို တစ်ယောက် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဂျော့်တာကီက” လီအိုနက်ဒ်ဟာ သာမာန်ထက်ပိုတဲ့ ထူခြားတဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက်ဖြစ်တယ်။”ဟု ပြောကြားခဲ့သည်။
BBC

No comments:

Post a Comment