Monday 30 March 2015

ဘုရင့်နောင်ကုန်စည် ဈေးကွက်တွင် ဆန်နှင့်ဆီဈေး အနည်းငယ်မြင့်တက်


ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ဆန်နှင့်ဆီ ကုန်စည်ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိနေကြောင်း ပွဲရုံ များမှ သိရသည်။
ယင်းကဲ့သို့ ဆန်ဈေးမြင့်တက် ရခြင်းမှာ ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုများရှိခဲ့ခြင်းကြောင့် စပါးအရည်အသွေး ကျဆင်းခဲ့ ကြောင်း သိရသည်။ ထိုသို့ကျဆင်း ခဲ့မှုကြောင့် စပါးကြိတ်ရာတွင်လည်း အကျိုးအကြေများခဲ့ပြီး ဆန်အထွက် နှုန်းများသဖြင့် ဆန်ချောဈေးမှာ တစ် အိတ်လျှင် ယခင်ထက် ၃၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း ဘုရင့်နောင် ပိတောက်လမ်းရှိ အိုကေဆန်ပွဲရုံမှ ဒေါ်ချိုကပြောသည်။
''အကြမ်းကတော့ ပုံမှန်ပါပဲ။ ဒီရက်မှာ သိပ်မတက်သေးဘူး။ အရင် ရက်ကတက်ထားတဲ့ ဈေးပဲရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အခု နွေဆန်ပေါ်ချိန်ဖြစ်နေတော့ ဈေးကွက် ထဲ ဆန်ပေါနေတယ်။ ဒါပေမဲ့ သင်္ကြန်ရက်ရှိသေးတော့ ဆန်ဈေးတွေက အခုတက်နေတဲ့ဈေး ထက် တော့ အောက်မကျနိုင်ဘူး''ဟု ၎င်း ကပြောသည်။

ယခုအခါ ဘုရင့်နောင်ကုန်စည် ဈေးကွက်တွင် ဆန်ဈေးများမှာ ယခင်က ဆန်ချောတစ်အိတ်လျှင် ၃၅၅၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုအခါ ဆန်ချောတစ်အိတ်ကို ၃၈၅၀၀ ကျပ်အထိရှိနေပြီး ဆန်ကြမ်း ဈေးမှာလည်း ယခင်ကတစ်အိတ် လျှင် ၁၇၀၀၀ ကျပ်ရှိခဲ့ရာမှာ ယခု အခါ ၁၈၀၀၀ ကျပ်အထိမြင့်တက် လျှက်ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ ဆန်ဈေးတက်နေ သည့်အပြင် ပဲဆီဈေးနှင့်စားအုန်း ဆီဈေးမှာလည်း ယခင်ထက် အနည်း ငယ်မြင့်တက်လာကြောင်း သိရသည်။
ယခင်က မြေပဲရှားပါးမှုကြောင့် ပဲဆီ တစ်ပိဿာ ၄၀၀၀ ကျပ်ရှိခဲ့ရာမှ ယခု အခါ ပဲဆီတစ်ပိဿာမှာ ၄၅၀၀ ကျပ် ဈေးရှိနေပြီး စားအုန်းဆီဈေးမှာ လည်း ယခင်က ၁၃၅၀ ကျပ်ရှိခဲ့ ရာမှ ယခုအခါ ၁၄၅၀ ကျပ်ထိရှိနေ ကြောင်း ဘုရင့်နောင်ရှိ ဦးမောင်ငွေ ရေထွက်ပစ္စည်းနှင့် ဆီရောင်းဝယ်ရေးပွဲရုံမှ မနုဝါကပြောသည်။
''အခုတက်နေတဲ့ ဆန်နဲ့ဆီဈေး က ဝန်ထမ်းလစာတိုးတာနဲ့တော့ မဆိုင်သေးဘူး။ သင်္ကြန်ကာလ ကုန် စည်ဒိုင်တွေပိတ်မှာမို့ လက်လီအ ရောင်းဆိုင်တွေက ဝယ်လို့တက်တာ။ ဒါပေမဲ့ သတိထားရမှာက ဝန်ထမ်း တွေ လစာတိုးပြီးရင် ကုန်ဈေးနှုန်း က တက်နေကြပဲ။ ဒါကြောင့် လစာ တိုးလို့ရှိရင် ဈေးတစ်ခါတော့တက် လေ့ရှိပါတယ်''ဟု တောင်ဒဂုံမြို့နယ် မှ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ယင်းကဲ့သို့ ဆန်နှင့်ဆီဈေးများမှာ ယခင်ထက် အနည်းငယ်မြင့်တက် လာသော်လည်း ဘုရင့်နောင်ပွဲရုံ များတွင် ဆန်နှင့်ဆီမှာ ပုံမှန်အ ရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံ ပိုင်ရှင်များထံမှ သိရသည်။
''အခု မီးဖိုချောင်သုံး စား သောက်ကုန်ပစ္စည်းတွေက ဈေး တက်တယ်။ သင်္ကြန်ရက်နီးလို့လဲ ဖြစ်တယ်။ နောက်ပြီး အခုက ဝန် ထမ်းလစာတိုးတော့ ကုန်ဈေးနှုန်း တွေက တက်ချင်တာလဲပါတယ်။ လက်ကျန်ရှိလို့သာ မတက်သေးတာ တချို့လက်လီဆိုင်တွေက ဈေးတက် တာတွေရှိနေပြီ။ ဆန်၊ ဆီ၊ ကြက်သွန် နဲ့ ငရုတ်သီးတွေကတက်မှာ ခါတိုင်းလဲ ဒီလိုဝန်ထမ်းတွေ လစာတိုးရင် တက်နေကျပဲ''ဟု ရွှေပြည်သာမြို့နယ်မှ အိမ်ရှင်မတစ်ဦးကပြော သည်။
MPPS
‪‎Democracytoday‬

No comments:

Post a Comment