Tuesday 18 November 2014

အမျိုးသမီးတစ်ဦး ပါဝင်သည့် ကြေးစားလူမိုက်ဂိုဏ်းကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်စုဖွဲ့ကာ မူးယစ်ဆေးဝါး ရောင်းချပြီး ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများကို ကျူးလွန်သည့် အမျိုးသမီးတစ်ဦး အပါအဝင် ကြေးစားလူမိုက်ဂိုဏ်း အဖွဲ့ကို ဓား ၃၇ ချောင်း အပါအဝင် ဆေးခြောက်များဖြင့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းရပ်ကွက်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က ဖမ်းမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကြေးစားလူမိုက်ဂိုဏ်းမှာ လုယက်မှု၊ ခြောက်လှန့် တောင်းယူမှု၊ အခကြေး ရယူကာ အကြွေးတောင်းပေးခြင်း မိုက်ကြေးခွဲခြင်းများ အပြင် ဆိုင်ကယ်များကို လုယက်ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များကိုပါ ဓားထောက်အနိုင်ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဂိုဏ်းမှ အသက် ၃၅ နှစ်အရွယ် ကိုမျိုးလွင်အောင် (ခ) နှင်းဆီ အပါအဝင် ရှစ်ဦးနှင့်အတူ ဓား ၃၇ ချောင်း၊ မော်တော်ယာဉ်တစ်စီး၊ ဆေးခြောက် ၂ ဒသမ ၈၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရရှိမိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

ယင်းအဖွဲ့ထဲမှ မျိုးလွင်အောင် (ခ) နှင်းဆီသည် ယခင်က ပြစ်မှု ၃၂၆ ဖြင့် ထောင်ကျ လွတ်မြောက်လာသူ ဖြစ်ပြီး ၎င်း၏ဇနီး မမြအေး (ခ) မအေးစိုး (ခ) မအေးလေးမှာ မြေကွက် စာရွက်စာတမ်း အတုပြုလုပ်ကာ လိမ်လည်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီဂိုဏ်းကို ရဲအင်အား ၃၀ နဲ့ ဝင်ရောက်စီးနင်းခဲ့တာ။ ရဲတပ်ဖွဲ့ကို ခုခံမှုတွေ ရှိတယ်၊ နောင် ဒီလိုစီးနင်းမှုတွေမျိုးမှာ ဥပဒေနဲ့အညီ ကာကွယ် ခုခံပိုင်ခွင့်တွေနဲ့ အတူ ဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီး (၂) ရဲမှူး သိန်းလွင်က ပြောကြားသည်။

အဆိုပါ ဂိုဏ်းအဖွဲ့တွင် ပါဝင်သူ ရှစ်ဦးကို ပုဒ်မ ၃၅၃၊ လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (က) ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ ပုဒ်မ ၂၂ (ခ) တို့ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

Yangon Media

No comments:

Post a Comment