Monday 10 November 2014

ဦးအောင်သောင်း အမည်မည်းစာရင်းသွင်းခံရခြင်းကို ကန့်ကွက်ရှုတ်ချမှု ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်း သွင်းလိုက်ခြင်းအပေါ် ပြည်သူ့ လွှတ်တော်က ကန့်ကွက်ရှုတ်ချရန် နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြု လိုက်သည်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်သောင်းကို အမည်မည်းစာရင်းထည့်သွင်း လိုက်ခြင်းသည် လွှတ်တော်နှင့် ၎င်းကို ထောက်ခံသည့် မဲဆန္ဒရှင်များ ဂုဏ်သရေကို ညှိုးနွမ်းစေသောကြောင့် လွှတ်တော်က ကန့်ကွက်ရှုတ်ချရန် မင်္ဂလာဒုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြည်သူ့လွှတ်တော်တွင် အဆိုတင် သွင်းခဲ့သည်။

အဆိုကို တနိုင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးဆွေက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များ အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ အတိုင်ပင်ခံအဖွဲ့ဝင် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု စာရင်းတွင် အောက်တိုဘာ ၃၁ ရက်က ထည့်သွင်းလိုက်ပြီး အမေရိကန်နိုင်ငံရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်၍ အမေရိကန်နိုင်ငံသားများနှင့်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမရှိစေရန် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment