Monday 17 November 2014

ဘန်ကီမွန်းကို ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင် ဆန္ဒပြမည်

မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည် ဆိုသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ရခိုင်လူမှုအဖွဲ့အစည်းများက စစ်တွေမြို့၌ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။

ယင်းသို့ သုံးနှုန်းပြောဆိုမှုကို ကန့်ကွက်သည့်အနေနှင့် ဘန်ကီမွန်းဆီကိုပါ ဆန္ဒပြသည့်နေ့တွင် ကန့်ကွက်စာ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုမည်ဟု ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ စသည့် အဖွဲ့ပေါင်း ၄၀ ကျော်မှ လူပေါင်း ၂၀၀ ကျော် အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

ဆန္ဒပြသည့်နေ့တွင် ဘန်ကီမွန်း ပြောဆိုချက်ကို ကန့်ကွက်ကြောင်း အပါအဝင် အချက်လေးချက် ပါဝင်သည့် ကြေညာချက်တစ်စောင်ကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်များနှင့် ဘန်ကီမွန်းဆီသို့ ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရခိုင်ဝန်ကြီးချုပ်ရော လွှတ်တော်တို့ကပါ ဒီကိစ္စကို ကန့်ကွက်ထားတဲ့အတွက် ခွင့်ပြုချက် (ဆန္ဒပြခွင့်) ကတော့ ရမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ လည်းကောင်း၊ နိုင်ငံတကာတွင် ရိုဟင်ဂျာဟုသာ ခေါ်ဝေါ်နေ၍ လည်းကောင်း ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည် ဖြစ်ကြောင်းကို မစ္စတာဘန်ကီမွန်းက ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မစ္စတာဘန်ကီမွန်းထံ နိုဝင်ဘာလ ၁၃ ရက်နေ့က ကန့်ကွက်စာ ပေးပို့ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်း၍ ကန့်ကွက်ခဲ့ကာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment