Thursday 13 November 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် အချက်သုံးချက်ကို ပြောကြားခဲ့သည် ဒုတိယအချက်အနေဖြင့် မြန်မာ့အရေးကို ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုရေးအတွက် မှတ်ကျောက်အတင်ခံမယ့်အချိန် ဖြစ်ပါတယ်။ နောက်နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သင့်ပါတယ်။ 

ဒါဟာ မြန်မာနိုင်ငံအနာဂတ်အတွက် အလွန်အရေးကြီးပါတယ်”ဟု ဘန်ကီမွန်ကဆိုသည်။ မစ္စတာ ဘန်ကီမွန်သည် နိုဝင်ဘာ ၁၂ ရက်က မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် (ယနေ့)တွင် သမ္မတ ဦးသိန်းစိန်နှင့် ဆက်လက်တွေ့ဆုံပြီး ရည်မှန်းချက်ကောင်းသော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ ဆောင်ရွက်ရန်အကြံပြုသွားမည်ဟု ပြောကြားသည်။ “ဘင်္ဂါလီ (ရိုဟင်ဂျာဟု ၎င်းကသုံးနှုန်းခဲ့)တွေနဲ့ ပတ်သက်ပြီးတော့လည်း ခွဲခြားဆက်ဆံမှုတွေ၊ မမျှတမှုတွေရှိနေမှာကို စိုးရိမ်မိပါတယ်။ ချို့တဲ့စွာနေထိုင်နေရတဲ့ သူတို့ တွေကို လူသားချင်းစာနာထောက်ပံ့မှုတွေပေးဖို့၊ လူ့အခွင့်အရေးနဲ့အညီ ရပ်တည်ပေးဖို့ မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းချင်ပါတယ်။ 

အခုလို ဘာသာရေးအစွန်းရောက်မှုတွေ၊ အမျက်ဒေါသတွေက နိုင်ငံများစွာမှာ ဖြစ်ပွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေကို တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ တည်ငြိမ်မှာဖြစ်ပြီး နိုင်ငံတကာမှာလည်း မျက်နှာပန်းလှမှာပါ”ဟု ဘန်ကီမွန်က ဆိုသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် ရပ်တန့်နေပြီဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတကာမီဒီယာများ၏ ဝေဖန်မှုအပေါ် မည်သို့ထင်မြင်သနည်းဆိုသော The Voice Daily သတင်းစာ၏ မေးမြန်းမှုအပေါ် ၎င်းက မှတ်ချက်မပေးခဲ့ဘဲ သက်ဆိုင်သူများနှင့် တွေ့ဆုံမေးမြန်းပြီးမှသာ ပြောကြားနိုင်မည်ဟု ဆိုသည်။ “မြန်မာနိုင်ငံဟာ အခုချိန်မှာ အရမ်းအရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်နေပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုရပါမယ်။ ဆက်လက်လုပ်ဆောင်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးတယ်ဆိုတာကိုလည်း နားလည်ပါတယ်”ဟု ဘန်ကီမွန်က ဆိုသည်။ 

မြန်မာနိုင်ငံ၌ ဂျာနယ်လစ်များ ဖမ်းဆီးသတ်ဖြတ်ထောင်ချခံနေရခြင်းနှင့် သတင်းလွတ်လပ်ခွင့် နောက်ပြန်ဆုတ်နေခြင်းအပေါ် The Daily Eleven ၏ မေးမြန်းချက်ကိုလည်း ၎င်းက ရေရေရာရာဖြေကြားခဲ့ခြင်းမရှိဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းပါ လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခွင့်ပြုရေး အကြောင်းအရာကိုသာ အလေးထားပြောကြားသွားသည်။ “လူတိုင်း လူ့အခွင့်အရေးအပြည့်အဝရရှိမယ့် လုံးဝနောက်ကြောင်းပြန် မလှည့်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခု ပေါ်ပေါက်ဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝအာမခံနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို ဆက်လက်အားပေးနေမယ်လို့ ယုံကြည်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်ပြီး ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း မြန်မာအစိုးရက လုပ်ဆောင်နေမှုကို လုပ်ဆောင်နေသည်မှာ ဖြစ်သင့်သော ကိစ္စဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် ခွဲခြားဆက်ဆံခံရမှုမရှိစေရန် လိုအပ်သည်ဟု ဘန်ကီမွန်က ဆိုသည်။ “ရခိုင်ပြည်နယ်မှာ နိုင်ငံသားအသိအမှတ်ပြုရေးလုပ်ငန်းစဉ်တွေကို နိုင်ငံဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ အစိုးရအနေနဲ့ ဘယ်သူဟာ နိုင်ငံသားဖြစ်ထိုက်လဲဆိုတဲ့ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်နေပါတယ်။ ဒီလိုစံနှုန်းတွေနဲ့ လုပ်တာကောင်းပါတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲ နိုင်ငံသားစိစစ်မှုကို လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့ အရည်အချင်းမပြည့်မီသူတွေအတွက်လည်း သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအတွက် အပြည့်အဝ ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။ 

ဒါကို ကျွန်တော်အမြဲအလေးအနက်ထား ပြောပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ရင်လည်း အလေးအနက်ထားပြောဖို့ရှိပါတယ်”ဟု ဘန်ကီမွန်က ဆိုသည်။ (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂထိပ်သီးဆွေးနွေးပွဲတွင် ဒေသတွင်း၌ သမိုင်းကြောင်းအရဖြစ်လာသော တင်းမာမှုများ၊ နယ်မြေရယူခွင့်နှင့် ပတ်သက်ပြီး ပြိုင်ဆိုင်မှုများအပေါ် စိုးရိမ်မိကြောင်းနှင့် ဆွေးနွေးအဖြေရှာခြင်းဖြင့် မလိုလားအပ်သော ပြဿနာများ အေးအေးချမ်းချမ်းဖြေရှင်းခြင်းဖြင့် ပြဿနာများပိုဆိုးမလာစေရန် အကြံပြု ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် အနောက်အာဖရိကတွင် ဆိုးဆိုးဝါးဝါး ကူးစက်ပျံ့ပွားနေသည့် အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်သောအချက်များကို ပြောကြားခဲ့သည်ဟု ဘန်ကီမွန်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment