Tuesday 9 September 2014

အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်း


ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ထူးခြားသည့် စိန်ခေါ်မှု တစ်ခုကို မြန်မာနိုင်ငံက လက်ခံ ရရှိခဲ့သည်။ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။

 အီဂျစ်နိုင်ငံသား ဖြစ်ခဲ့သူ ဆရာဝန်တစ်ဦးအဖြစ် အသက် မွေးခဲ့သူ အယ်လ်ဇာဝါဟီရီ၏ ၅၅ မိနစ်ကြာ သတင်းထုတ်ပြန်ချက် ကို နိုင်ငံတကာအကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ပညာရှင်များက အမျိုးမျိုးတုံ့ပြန်ကြသည်။ ပညာရှင်အချို့ကတော့ အီရတ်နှင့် ဆီး ရီးယားကို အခြေပြုပြီး ကြီးထွား လာနေသည့် IS (Islamic  State) အဖွဲ့၏ သြဇာကို ယှဉ်ပြိုင်ဖို့ လူ အင်အားစုဆောင်းသည့် ခြေလှမ်း အဖြစ် သုံးသပ်ကြသည်။

IS က အယ်လ်ကိုင်ဒါအဖွဲ့ ကို အတုယူပြီး တည်ထောင်လာ သည့်တိုင် ပြီးခဲ့သည့်လများအ တွင်းက နှစ်ဖွဲ့အကြားမှာ သဘောမတူညီမှုများရှိခဲ့သည်.။ အယ်လ် ကိုင်ဒါက IS ကို အဆက်အသွယ် ဖြတ်တောက်ခဲ့သည်ဟု ကျွမ်း ကျင်သူများကဆိုသည်။ မကြာ သေးမီက အမေရိကန်နိုင်ငံသား သတင်းစာဆရာ နှစ်ဦး ရက်စက် စွာ ခေါင်းဖြတ်သတ်မှုအပါအ၀င် ပြန်ပေးဆွဲမှု၊ ကိုယ်ပိုင်နယ်မြေ ထူထောင်မှုများအဖြစ် ကမ္ဘာတစ်ဝန်းအစွန်းရောက် အကြမ်းဖက်သူများကြားမှာ IS က ရေပန်းစားလာသည်။

IS က အရှေ့အလယ်ပိုင်း ဒေသ အီရတ်နှင့် ဆီးရီးယားကို အခြေပြုပြီး လူအင်အားစုစည်း သည့်တိုင် တဖြည်းဖြည်းနဲ့ သူ့ သြဇာကို ကမ္ဘာတစ်ဝန်းချဲ့ထွင် လာသည်။ အိန္ဒိယမှ အစွန်းရောက်မွတ်စလင်အချို့ ဆီးရီးယားသို့ သွားပြီး IS အဖွဲ့သို့ ၀င်ရောက်နေ ကြသည်ဆိုသည့် အစီရင်ခံစာများရှိသည်။ ရုရှား၊ တူရကီ၊ ဂရိ၊ အင်္ဂ လန်၊ အမေရိကမှစ၍ တရုတ်နိုင်ငံအထိ လူငယ်အင်အားသစ်များကို စုဆောင်းနေသည်။ ဘာသာ စကားမျိုးစုံကို အသုံးပြုပြီး အသံ  ဖိုင်များ၊ ဗီဒီယိုများ၊ သဘော ထားထုတ်ပြန်ချက်များဖြင့် အင် တာနက်က တစ်ဆင့် ထိထိရောက်ရောက်ဝါဒဖြန့်ချိသည်။ အာဖဂန် နစ္စတန်က အယ်လ်ကိုင်ဒါမိတ် ဆွေဟောင်း တာလီဘန်အချို့ပင် IS အဖွဲ့ကို ကြိုဆိုလာကြသည်။ ပြောရလျှင် ကမ္ဘာလုံးဆိုင်ရာ ဘာ သာရေးစစ်ပွဲ (Global Jihad) ၏ တပ်ဦးနေရာကို အယ်လ်ကိုင်ဒါ လက်ထဲမှ IS က လုယူလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် အယ်လ် ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟီရီက မြန်မာ၊ အိန္ဒိ ယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဦးတည်ထားပြီဟု ကြေညာလိုက် ခြင်းဖြစ်သည်။ ဗီဒီယိုကြေညာ ချက်မှာ အယ်လ်ဇာဝါဟီရီက ‘‘ဘားမား(မြန်မာ)၊ ဘင်္ဂလား ဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ အမာ ဒါဘတ်နှင့် ကက်ရှ်မီးယား’’နေရာ ဒေသများက မွတ်စလင်များကို စုစည်းသွားမည်ဟု ထုတ်ပြန် သည်။ အယ်လ်ကိုင်ဒါဌာနခွဲတစ် ခု ဒေသအတွင်းမှာ ဖွဲ့စည်းလိုက် ပြီဟု ကြေညာသည်။ သူဦးတည် ပြောကြားသည့် ဒေသအားလုံး သည်လည်း မွတ်စလင်များအ တွက် ပဋိပက္ခဖြစ်ပွားရာ ဒေသ များဖြစ်ကြသည်။

နေပြည်တော်ကလည်း ချက်ချင်းဆိုသလို တုံ့ပြန်ချက်ပေး သည်။ နိုင်ငံတော်သမ္မတရုံးက တာဝန်ရှိသူအချို့က နိုင်ငံသား များကို စိုးရိမ်မှုမလွန်ကဲရန်နှင့် ကာကွယ်မှုအစီအမံများကို အရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း ချက်ချင်းထုတ်ပြန်ခဲ့ သည်။

ယခုဆောင်းပါးမှာ ဆွေးနွေး လိုသည်က ထောက်လှမ်းရေး သတင်းအချက်အလက်များ စု စည်းခြင်းနှင့် လုံခြုံရေးအစီအမံ များပြင်ဆင်ခြင်းတို့အပြင် အခြား ထည့်သွင်းစဉ်းစားရမည့်အချက် များကို ဆွေးနွေး လိုခြင်းဖြစ်ပါ သည်။ အကြမ်းဖက်ဝါဒကို တိုက် ဖျက်ခြင်းသည် မြန်မာတို့ကျွမ်း ကျင်သည့် သမားရိုးကျ စစ်ပွဲ (Conventional Warfare) ထက် ပိုမိုရှုပ်ထွေးပါသည်။ ၂၀၁၀ ပြည့် နှစ်က အကြမ်းဖက်ဝါဒရေးရာ ကျွမ်းကျင် ပညာရှင်တစ်ဦးက အမေရိကန်အစိုးရအား အကြံပေးခဲ့သည့် အထူးအစီရင်ခံစာတစ်စောင် အကြောင်းဆွေးနွေးပါမည်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုဒ့် (Uni-ted States Institute Of Peace)က ‘‘ဘာကြောင့် လူငယ်အချို့ အယ်လ်ကိုင်ဒါအဖွဲ့ကို ၀င်ရောက်ကြတာလဲ’’(Why Youth Join Al-Qaeda) ဆိုသည့် ခေါင်းစဉ်ဖြင့် အထူးအစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာ ကို ရေးသူက အမေရိကန်စစ်တပ်မှ စိတ်ဓာတ်စစ်ဆင်ရေးကျွမ်းကျင်သူနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးပညာရှင် ဗိုလ်မှူးကြီး ဂျွန်အမ်မတ်စ်ဗန်ဟောစ်ဖြစ်သည်။ သူ့အစီရင်ခံစာက အယ်လ်ကိုင်ဒါ အဖွဲ့၏ နိုင်ငံခြားသား စစ်သည် (Foreign Fighters) ၂၀၂၃ ဦးကိုအင်တာဗျူးခြင်း၊ နောက်ကြောင်း ရာဇ၀င်များကို ပြန်လေ့လာခြင်းများ ပြုလုပ်ပြီး ရေးသားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး ဂျွန်က အယ်လ် ကိုင်ဒါအဖွဲ့သည် လက်ဆုပ်လက် ကိုင်နေရာအတည်တကျအခြေ စိုက်လှုပ်ရှားခြင်းမျိုးမဟုတ်ဘဲ သူ့ ကို သဘောကျထောက်ခံသည့် နေရာအနှံ့အပြားက အကြမ်းဖက် သမားများမှ တစ်ဆင့်ပုံစံတူ တိုက်ခိုက်မှုများကို ပြုလုပ်သွား သည့် အဖွဲ့အစည်းဖြစ်သည်။ အယ်လ်ကိုင်ဒါ အဓိကပစ်မှတ် ထားစည်းရုံးသူများကတော့ လူ ငယ်များသာဖြစ်သည်ဟု ဗိုလ်မှူး ကြီးဂျွန်က ဆိုသည်။ အယ်လ် ကိုင်ဒါအဖွဲ့ကို အထိရောက်ဆုံး တိုက်ခိုက်သည့် ဗျူဟာသည် တပ်ဖွဲ့ဝင်သစ်အင်အားတိုးမလာရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။

အယ်လ်ကိုင်ဒါအဖွဲ့သို့ ၀င် ရောက်ကြသည့် နိုင်ငံခြားသား စစ်သည် ၂၀၂၃ ဦးကို လေ့လာပြီးသည့်အခါ ဗိုလ်မှူးကြီးဂျွန်က လူငယ်လေးမျိုးကို ခွဲထုတ်လိုက်သည်။ ထိုလူငယ်များကို ဗိုလ်မှူးကြီးဂျွန်က ‘‘(တစ်စုံတစ်ရာကို) ရှာဖွေကြသူများ’’ (Seekers) ဟု ညွှန်းဆိုသည်။

၁။ ပထမတစ်မျိုးက ကလဲ့ စားချေမှုကို ရှာဖွေကြသူများ (TheRevenge Seekers) ဖြစ်သည်။ ထိုသူများက မိမိတို့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းမှာ ဖိနှိပ်ခံရသူ၊ သားကောင်အဖြစ် ပစ်မှတ်ထား ခံရသူများဖြစ်သည်။ ဂုဏ်သိက္ခာ ကျဆင်းမှုနှင့် အလိုမကျမှုများက ထိုသူများကို အကြမ်းဖက်ဝါဒဆီ သို့ တွန်းပို့ပေးသည်။ ဗိုလ်မှူးကြီး ဂျွန်က တန်းတူညီမျှမှု၊ လူငယ်များကို လူ့အဖွဲ့အစည်း၏ နိုင်ငံရေး တွင် ပါဝင်ဆောင်ရွက်စေမှုတို့က ကုထုံးများဖြစ်သည်ဟု ပြော သည်။ ဒေါသနှင့် အလိုမကျမှု များကိုမှန်ကန်သည့် ထွက်ပေါက် ပေးဖို့လိုကြောင်း သူကပြောပြ သည်။

၂။ ဒုတိယအမျိုးအစားက တော့ ကိုယ့်အခန်းကဏ္ဍကို ရှာ ဖွေသူများ (The Status Seekers)ဖြစ်သည်။ ယခုအမျိုးအစားက တော့ မိမိပတ်ဝန်းကျင်မှာ ကိုယ့်  အခန်းကဏ္ဍ ပျောက်ဆုံးနေကြ သူများဖြစ်သည်။ ကိုယ့်လူ့အဖွဲ့ အစည်းမှာ အရေးပါခွင့်မရသူ၊ မျှော်လင့်ချက်ပျောက်ဆုံးနေသူ၊ လူ့အဖွဲ့အစည်းက မေ့လျော့ခံ ထားရသူများဖြစ်သည်။ ထိုသူ များက တစ်စုံတစ်ရာကို ထူးထူး ခြားခြားပြုလုပ်ခြင်းဖြင့် ကိုယ့်အ ခန်းကဏ္ဍကို အကြမ်းဖက်ရယူ ကြလေ့ရှိသည်။ ပတ်ဝန်းကျင်မှာ နှိမ့်ချဆက်ဆံခံရသူ၊ မိမိကိုယ်ကိုယ် ပျောက်ဆုံးနေသူများလည်း ပါဝင်သည်။ ဗိုလ်မှူးကြီးဂျွန်ပြောသည့် အချက်သာမှန်ကန်ခဲ့လျှင် လူငယ်များတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမှု၊ သူ တို့ဘ၀အတွက် အပြုသဘော ဆောင်သည့် မျှော်လင့်ချက်အ ခွင့်အလမ်းများ ပံ့ပိုးပေးမှုက အ ရေးပါသည့် ဗျူဟာဖြစ်သည်။ မျှော်လင့်ချက်ရှိနေခြင်းသည် လူ တစ်ဦးအတွက် အပြုသဘော ဆောင်သည့် အနာဂတ်ကို တည် ဆောက်ဖို့ အခွင့်အလမ်းဖြစ် သည်။

၃။ တတိယအမျိုးအစားက တော့ အမှတ်လက္ခဏာကို ရှာဖွေသူများ (The Identity Seekers) ဖြစ်သည်။ အမှတ် လက္ခဏာကို ရှာဖွေကြသူများက တော့ မိမိအသိုင်းအ၀ိုင်းတွင် ရပ် တည်မှုပျောက်ဆုံးပြီး တွယ်ရာမဲ့ ကြသူများဖြစ်သည်။ ဘ၀တွင် အရှုံးနှင့် ရင်ဆိုင်ရပြီး မည်သည့် ပတ်ဝန်းကျင်၊ မည်သည့်အဖွဲ့ အစည်းများတွင်မှ ပါဝင်ခွင့်မရ ကြသူများဖြစ်သည်။ သူတို့သည် အစုအဖွဲ့လက္ခဏာ(Group Ide-ntity) ကို လိုချင်သူများဖြစ်သည်။

လူငယ်အားလုံးလိုလိုမှာ အစုအဖွဲ့တစ်ခုခုကို ပါဝင်ပတ်သက်လိုသည့် ဆန္ဒရှိကြသည်ဟု ဗိုလ်မှူးကြီးဂျွန်ကဆိုသည်။ ရပ်ကွက်ထဲက လူမိုက်ဂိုဏ်းထဲကို ၀င်မည်လား၊ အများအတွက် ကောင်းကျိုးပြုသည့် အသင်းအဖွဲ့ထဲကို ၀င်မည်လားဆိုသည်က ရွေးချယ်စရာဖြစ်သည်။ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ပတ်သက်မှသာ မိတ်ဆွေရဲဘော်ရဲဘက်နှင့် သူလိုချင်သည့် အခန်းကဏ္ဍကိုရမည်ဖြစ်သည်။ ကိုယ့်လူ့အဖွဲ့အစည်း၏ အရေးအရာကိစ္စများမှာ လူငယ်များပါဝင် ဆောင်ရွက်ခွင့်ရရေး အတွက် အဖွဲ့အစည်းများထူထောင် ပေးခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍကို အားပေးခြင်းများပြုလုပ်သင့်ပါသည်။    လူငယ်တို့၏ကောင်းမြတ်သော တက်ကြွမှုကို အပြုသဘောဆောင်သည့် ပတ်ဝန်းကျင်ကို ပျိုးထောင်ပေးခြင်းဖြင့် တည့်မတ်သင့်ပါသည်။

၎။ နောက်ဆုံးတစ်မျိုးကတော့အကြောက်တရားကို ရှာဖွေကြသူများ (The Thrill Seekers) ဖြစ်သည်။ ယခုအုပ်စုသည် အယ်လ်ကိုင်ဒါအဖွဲ့ဝင်များထဲတွင် အနည်းဆုံးအမျိုးအစားဖြစ်သည်။ ၅ ရာခိုင်နှုန်းအောက်မှာသာ ရှိသည်ဟု ဗိုလ်မှူးကြီးဂျွန်ကဆိုသည်။ ထိုသူများက အဓိပ္ပာယ်မရှိ သည့်ဘ၀ကို စွန့်ခွာပြီး စွန့်စားမှုကို ရှာဖွေလိုသူ လူငယ်များဖြစ်သည်။ သူတို့၏ စွန့်စားလိုစိတ်များက သူတို့ကို လမ်းမှားဆီ ခေါ်ဆောင်သွားကြခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးဂျွန်ပြောခဲ့သည့် လူငယ်အမျိုးအစားလေးမျိုးကို ပြန်လည်သုံးသပ်ရလျှင် အကြမ်း ဖက်ဝါဒကို တိုက်ဖျက်သည့် အ ကောင်းဆုံးမဟာဗျူဟာမှာ တရား မျှတသည့်လူ့ပတ်ဝန်းကျင်ကို ထူ ထောင်မှု၊ ခွဲခြားနှိမ့်ချခြင်းကို လက်မခံမှု၊ အလုပ်အကိုင်အခွင့်အ လမ်းများ ဖန်တီးပေးနိုင်မှု၊ လူ ငယ်များကို အသိအမှတ်ပြုပျိုး ထောင်မှုများဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် အရေးတကြီးပြင် ဆင်ရမည့် အချက်က အကြမ်း ဖက်မှုနှင့် ပတ်သက်လျှင် မည် သည့်အဖွဲ့အစည်း၊ လူမျိုးဘာသာ ကိုမျှ မျက်နှာသာပေးခြင်းမရှိဘဲ တိတိကျကျအရေးယူခြင်းဖြစ်သည်။

 နေပြည်တော်က အထူး သတိထားသင့်သည်မှာ ကာကွယ် ရေးအစီအမံများကြောင့် လူနည်း စု အခွင့်အရေးများ မထိပါးအောင်ဂရုပြုရမည့်အချက် ဖြစ်သည်။ အယ်လ်ကိုင်ဒါအဖွဲ့နှင့် နိုင်ငံသား မွတ်စလင်များကို ခွဲခွဲခြားခြား ရှု မြင်ဖို့အရေးကြီးပါသည်။ ကမ္ဘာ ပေါ်တွင် မွတ်စလင်လူဦးရေ ၁ ဒသမ ၅ ဘီလီယံကျော်ရှိပြီး အယ်လ်ကိုင်ဒါအဖွဲ့ဝင်က ထောင်ဂဏန်းသာရှိပါသည်။

နေပြည်တော်က ထုတ်ပြန် ခဲ့သလို လုံခြုံရေးအဖွဲ့အစည်း များကလည်း နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး အ တွေ့အကြုံများကို လေ့လာသင်ယူသင့်ပါသည်။

အကြမ်းဖက်ဝါဒကို ကာ ကွယ်ရန်အတွက် အကောင်းဆုံး လက်နက်မှာ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးမှုနှင့် မျှော်လင့် ချက်ဖြင့် လင်းလက်သည့် ဘ၀ များကို ထူထောင်ပေးမှုသာဖြစ်ပါ သည်။

7 Day

No comments:

Post a Comment