Monday 29 September 2014

မြန်မာနိုင်ငံသစ်ရှိ ပိုမိုလွတ်လပ်သော သတင်းစာလောကသို့

ယခင်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မီဒီယာကွန်ဖရင့်တွင် အဓိက ဆွေးနွေးငြင်းခုံစရာအကြောင်းများ ဖြစ်ခဲ့သည်။ ကုလအေဂျင်စီတစ်ခုဖြစ်သော UNESCO၊ International Media Support နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သော မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု တတိယအကြိမ်မြောက် ကွန်ဖရင့် "ရေရှည်တည်တံ့ခိုင်မြဲသည့် မီဒီယာဝန်းကျင် အခြေအနေ တစ်ရပ်ဆီသို့" ဟူသည့် အမည်ဖြင့် ကျင်းပခဲ့သော ထိုကွန်ဖရင့်တွင် ထိုအပြောင်းအလဲများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထိုကွန်ဖရင့်သည် တက်ရောက်သူများအား ဘက်ပေါင်းစုံမှ အကျိုးရှိစေခဲ့သည်။ သတင်းလောက ကြီးကြပ်ရေးမူဘောင်အတွင်း အပြုသဘောဆောင်သည့် အပြောင်းအလဲများ၊ ဥပဒေပြုခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သတင်းအယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ သတင်းထောက် ၄,၀၀၀ ကျော်မှီခိုနေရသည့် သတင်း လောကအဖို့ ပိုမိုလွတ်လပ် သည့် ပုံနှိပ်မီဒီယာ တစ်ရပ်အတွက် အရေးပါသည့် ဝန်းကျင်အခြေအနေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ဤကွန်ဖရင့်၌ ဆွေးနွေးခဲ့ကြသည်။

သို့သော် မြန်မာ့မီဒီယာအသွင်ပြောင်းလဲရေး လုပ်ငန်းကြီးတစ်ခုလုံးမှာ အောင်မြင်လှချည်ရဲ့ဟု အလော သုံးဆယ် မှတ်ချက်မချလိုက်မိစေဖို့ မိမိတို့၏ ဆန္ဒဇောကို ခဏလေးဖြစ်ဖြစ် ချွန်းအုပ်ထားလိုက်ကြပါဦးစို့။ လက်ရှိ အပြောင်းအလဲများသည် သတင်းလောကကို တကယ့်လွတ်လပ်ခွင့်ပေးဖို့ဆိုသည်ထက် မီဒီယာကို အတိုင်းအတာ တစ်ခုအထိ ဆက်လက်ထိန်းချုပ်ထားနိုင်ရန် လက်ရှိအစိုးရ၏ အစီအမံပေလောဟု သံသယ ကဲသည့် ပညာရှိ တစ်ဦးတစ်လေက ထင်မှတ်ကောင်း ထင်မှတ်ပေလိမ့်မည်။ အစိုးရ၏ တိုက်ရိုက် ဆင်ဆာဖြတ်မှုကို ဖယ်ရှားလိုက်သော်လည်း မီဒီယာများက မိမိဘာသာ ဆင်ဆာလုပ်နေရခြင်းများ ရှိနေဆဲဖြစ် သည်။ နိုင်ငံရေးအကြောင်း၊ ဆန္ဒပြပွဲများအကြောင်း၊ တိုင်းရင်းသားများနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအကြောင်း အိတ်သွန်ဖာမှောက် ရေးသားတင်ပြ၍ရသော်လည်း မြန်မာနိုင်ငံတွင် မည်သူမျှ မတို့မထိရဲသည့် အင်စတီကျူးရှင်းများ (အဖွဲ့အစည်းများ) ရှိနေဆဲ ဖြစ်သည်။

သတင်းထောက်များအဖို့ ကိုယ့်အလုပ်ကိုလုပ်နေရင်း ဆွမ်းခံရင်ငှက်သင့်မည့် အန္တရာယ်ကိုလည်း စိုးရွံ့နေကြရ သေးသည်။ မီဒီယာဥပဒေသစ်များနှင့် ယာယီစာနယ်ဇင်းကောင်စီတို့က အမှန်တရားဖော်ထုတ်ခြင်းနှင့် သတင်းရေးသားတင်ပြခြင်းတို့အတွက် ဥပဒေအတိုင်း ဆောင်ရွက်ခွင့်ရှိခြင်းကို အကာကွယ်ပေးထားပါသည်။ သို့သော် ကံအကြောင်းမလှသည့် သတင်းထောက်အများအပြား အယ်ဒီတာအများအပြား အဖမ်းအဆီးခံရ၊ စွဲချက်တင်ခံရ၊ ထောင်ချခံကြရသည်။ သူတို့ကို အိမ်ကျော်နင်းမှု၊ လွတ်လပ်စွာ စုရုံးဆန္ဒပြခွင့်ကို ချိုးဖောက်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ၊ ကွန်ပျူတာ အသုံးပြုမှုကို ချုပ်ချယ်ကန့်သတ်သည့် ဥပဒေ၊ အသရေဖျက်မှု စသည့် ထင်သလို ဖမ်းချုပ်၍ရသည့် သားရေကြိုးဥပဒေများဖြင့် ဖမ်းဆီးတရားစွဲတင် ထောင်ချခဲ့ကြခြင်းဖြစ် သည်။ ထိုဥပဒေ အများအပြားမှာ အာဏာရှင်လက်ထက်က အမွေဆိုးများဖြစ်ကြသည်။

အချို့သောဥပဒေများဆိုလျှင် သတင်းထောက်များ၏ စုံစမ်းဖော်ထုတ်တင်ပြလိုသည့် စိတ်ဓာတ်ကို ချိုးနှိမ်ရာ တွင် အသုံးပြုခဲ့သည်။ ယူနတီဂျာနယ်မှ သတင်းထောက် လေးဦးနှင့် ထုတ်ဝေသူကို စစ်တပ်၏ ဓာတု လက်နက် ထုတ်လုပ်သည့်စက်ရုံဟု သတင်းရေးသားဖော်ပြခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချခဲ့သည်။ ယင်းသည် စစ်တပ်လို ဩဇာအာဏာရှိသည့် အင်စတီ ကျူးရှင်းမျိုးကို ထိပါးလာလျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဆိုသည်ကို ပြသနေသည်။ အစိုးရကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ DVB သတင်းထောက် တစ်ဦးအပါအဝင် သတင်းထောက်နှစ်ဦးကို အိမ်ကျော်နင်းမှု၊ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ၂၀၁၂ နှစ်အတွင်း ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခဲ့ပြီး နောက်မှ ပြစ်ဒဏ်ကို သုံးလသို့ လျှော့ချပြောင်းလဲပေးခဲ့သည်။ ယင်းအမှုမှာ ဂျပန်ပညာသင်ဆု အစီအစဉ်တစ်ခုနှင့် ပန်သက်၍ မကွးမြို့မှ ပညာရေးဌာန အရာရှိတစ်ဦးကို အင်တာဗျူးရန် ကြိုးစားရာမှ ထိုသို့စွဲချက်တင်ခံခဲ့ရခြင်း ဖြစ်သည်။

ကွန်ဖရင့်တွင် ဟောပြောသူများနှင့်တက်ရောက်သူများအကြား ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရခဲ့သည့်အတွက် တက်ရောက်သူများ အားတက်ခဲ့ရပါသည်။ မြန်မာ့မီဒီယာ အခင်း အကျင်းအတွက်လည်း တကယ့် တိုးတက်အောင်မြင်မှု များဖြစ်ပါသည်။ ယခုလို မည်သည့်ကွန်ဖရင့် မျိုးတွင်မျှ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် နှစ်ရက်လုံးလုံး ပါဝင်ဆွေးနွေးခဲ့သည်မျိုး ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မျှ မရှိပါဟု ဟောပြောသူတစ်ဦးက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတစ်လျှောက်လုံးလည်း တက်ရောက်ခဲ့သူ များအကြား ဟာသလုပ်မှုများနှင့် အပြုံးပန်းများ ဝေဆာနေခဲ့သည်။

သို့သော် လူတိုင်း အပြုံးပန်းဝေဆာနိုင်သည်တော့ မဟုတ်ပါ။ ထောင်အတွင်း နေပူကျဲကျဲအောက်တွင် ကျောက်ထု နေရသည့် သတင်းထောက်များရှိသည်၊ အလုပ်ပြုတ်သွားသည့် သတင်းထောက်များရှိသည်၊ ထုတ်ဝေ သူများအကြားလည်း မိမိမီဒီယာလေး ပြုတ်များသွားလေမလား တွေးရင်း ကြိုးတန်းပေါ် လမ်း လျှောက်နေ ရတာတွေရှိသည်၊ စာဖတ်သူများအကြားတွင်လည်း မီဒီယာလွတ်လပ်ခွင့်မှရှိပါ့မလားဟူ၍ စိုးရိမ်
ပူပန်ရတာတွေရှိသည်။ မြန်မာ့မီဒီယာလောက တကယ့်ကိုလွတ်လပ်ပြီး ဝေဆာဖူးပွင့်လာနိုင်ရန် တစ်မျှော်တစ်ခေါ်ကြီး ခရီးဆက်ကြရပါဦးမည်။

Mizzima - News in Burmese 

No comments:

Post a Comment