Sunday 17 August 2014

ယူကရိန်းနယ်မြေတွင်း ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်များကို ယူကရိန်း ပစ်ခတ်

Photo: ယူကရိန်းနယ်မြေတွင်း ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်များကို ယူကရိန်း ပစ်ခတ်
Sunday, August 17, 2014

ယူကရိန်းနယ်မြေတွင်းသို့ ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်တန်းကို ယူကရိန်းစစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
သံချပ်ကာ ယာဉ်တန်းမှာ ရုရှားအမြဲတမ်း တပ်ဖွဲ့ဝင်များ ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဖမ်းဆီး သို့မဟုတ် ဖျက်ဆီးခံရသော စစ်သုံးယာဉ်များမှာ ရုရှားစစ်ဘက်ဆိုင်ရာ ယာဉ်များ ဖြစ်သည်ကို ဖော်ပြနေသည့် အထောက်အထားများ တွေ့ရှိရသည်။
ညအမှောင်ထုကို အကာအကွယ်ယူပြီး နယ်ခြားဒေသကို ရုရှားစစ်ယာဉ်တန်း ဖြတ်ကျော် ဝင်ရောက်လာသည်ကို ယူကရိန်းတပ်ဖွဲ့ဝင်များ ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ယူကရိန်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ လူရှန်ကိုက ပြောကြားသည်။
“လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုတော့ အဲဒီစစ်ယာဉ်တန်း မရှိတော့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဇုန်အတွင်း အခြေအနေမှာ ရှုပ်ထွေးလာပြီး ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များကို တိုက်ထုတ်နေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များကို ရုရှားနယ်မြေတွင်းမှ နေ၍ အမြောက်များဖြင့် တိုက်ခိုက်မှုများလည်း ပေါ်ပေါက်လာကြောင်း ယူကရိန်းတပ်မတော်က ပြောကြားသည်။
ယူကရိန်း တပ်မတော်က ယင်းကဲ့သို့ ပြောကြားနေသော်လည်း ယူကရိန်း နယ်မြေတွင်းသို့ ရုရှားတပ်ဖွဲ့ဝင်များ ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။
ထို့အပြင် အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ ရုရှားနယ်ခြား ဒေသတွင် လှုပ်ရှားလာခြင်းကြောင့် စိုးရိမ်မိကြောင်း ရုရှားအစိုးရက ထုတ်ဖော် ပြောကြားသွားသည်။
စစ်အေးခေတ်ကာလ ရန်လိုမှုများကို ရုရှားက ပြန်လည် အသက်သွင်းလျက် ရှိပြီး ယူကရိန်းအရေးတွင် ဝင်ရောက်စွက်ဖက်လျက် ရှိသည်ဟု ဥရောပနိုင်ငံများက စွပ်စွဲထားသော်လည်း ရုရှားက ငြင်းဆိုထားသည်။
ယူကရိန်းနယ်မြေတွင်းသို့ ရုရှားသံချပ်ကာ ယာဉ်တန်း ဝင်ရောက်ခဲ့မှု သတင်းကို အတည်ပြုနိုင်ခြင်း မရှိဟု အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောကြားလိုက်သော်လည်း ယူကရိန်းအရေးတွင် မော်စကို ဝင်ရောက်စွက်ဖက်မှုကို လက်ခံမည် မဟုတ်ဟု သတိပေးလိုက်သည်။
ရုရှားလိုလားသော ယူကရိန်း ခွဲထွက်ရေး ဝါဒီများကို ရုရှားက လက်နက်တပ်ဆင်ပေးပြီး စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များကိုလည်း ယူကရိန်းနယ်မြေတွင်း လျှို့ဝှက်စေလွှတ်လျက် ရှိသည်ဟု ရုရှားအပေါ် စွပ်စွဲထားသော်လည်း ရုရှားက ငြင်းဆိုထားသည်။
The Voice Weekly

No comments:

Post a Comment