Saturday 2 August 2014

ရန်ကုန်မြို့ ညောင်နှစ်ပင်တွင် ခုတင် ၂၀၀၀ ဆံ့ အဆင့်မြင့်ဆေးရုံသစ်ကြီးကို တရုတ်အကူအညီဖြင့် တည်ဆောက်မည်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် (ညောင်နှစ်ပင်)တွင် ခုတင် ၂၀၀၀ ဆံ့ အဆင့်မြင့်ဆေးရုံသစ်ကြီးကို တရုတ်အကူအညီဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။အဆိုပါ ဆေးရုံ သစ်ကြီးကို မြေဧက ၁၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ယခုလအတွင်း တရုတ်အဖွဲ့များက လေ့လာတိုင်းတာမှုလုပ်ငန်းများ စတင်ပြုလုပ် သွားမည်ဖြစ်ကာပြီးစီးသည်နှင့်တစ်ပြိုင်နက် ဆေးရုံတည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါဆေးရုံသစ်ကြီးကို အဆင့်မြင့်နှင့် ခမ်းခမ်းနားနားဖြစ်စေရန် တရုတ်က ကူညီတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။“ဒီဆေးရုံကြီးဆောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရန်ကုန်ဆေးရုံကြီးကို လာကုသတဲ့သူကို လျှော့ချချင်တာပါ။ ရန်ကုန်မြောက်ပိုင်းခရိုင်မြို့နယ်တွေ၊ လှည်းကူး၊ ပဲခူးလို နေရာမျိုးတွေကနေ ရန်ကုန်ဆေးရုံကြီးကို လာပြတဲ့လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို မလာရတော့အောင်၊ ဒီဆေးရုံသစ်ကြီးကနေ ဖမ်းဆွဲပေးမယ့် သဘောပါ။ ရန်ကုန်ဆေးရုံကြီးက နှစ်တွေကြာနေပြီ။ ပစ္စည်းလည်း စုံလင်တာကြောင့် လာပြတဲ့လူနာတွေနဲ့ မမျှတ ဘူး ဖြစ်နေတာပါ။ ဆေးရုံသစ်ကြီးပြီးရင်တော့ မြောက်ပိုင်းခရိုင် အနီးအနားမြို့နယ်တွေက လူနာတွေ နီးနီးနားနား ကုသနိုင်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီးသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝေးလံမြို့နယ်များမှ လာရောက်သည့်လူနာများ လျော့နည်းသွားစေရန်အတွက် သက်ဆိုင်ရာ ဝေးလံမြို့နယ်များရှိ ဆေးရုံများကို အဆင့်တိုးမြှင့်ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး သန်လျင်ဆေးရုံကိုလည်း ခုတင် ၂၀၀ ဆံ့အဖြစ် တိုးချဲ့ဆောက်လုပ်မည်ဖြစ်ပြီး ကျောက်တန်း၊ ခရမ်းနှင့် သုံးခွမြို့နယ်များမှ လူနာများ သွားရောက်ကုသနိုင်မည်ဟု ဒေါက်တာမြင့်သိန်းက ဆိုသည်။ထို့ပြင် သက်ဆိုင်ရာ မြို့နယ်ဆေးရုံများမှ လူနာများကိုလည်း တတ်နိုင်သမျှ ကုသပေးရန်နှင့် မလိုအပ်ဘဲ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခြင်း မပြုရန်နှင့် လိုအပ်သည့်လူနာများကိုသာ လွှဲပြောင်းပေးရန်လည်း ညွှန်ကြားထားသည်ဟု သိရသည်။
news-eleven

No comments:

Post a Comment