Saturday 2 August 2014

အစိုးရသတင်းစာ မြန်မာ့အလင်းနှင့် အင်တာနက်ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည့် “ထိုင်းရှိ မြန်မာအလုပ်သမား ၂၆ ဦးမှာ လစာမရ၍ သစ်ရွက်ပြုတ် စားနေရသည့်သတင်း” မဟုတ်မှန်ကြောင်း အေဂျင်စီနှင့် အလုပ်သမားများ ရှင်းလင်း

အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ အပါအဝင် ရွှေလုပ်သား၊ သစ်ထူးလွင်၊ ရွှေမြန်မာဂရု စသည့်အင်တာနက် သတင်းဝက်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည့် “ထိုင်းရှိ မြန်မာအလုပ်သမား ၂၆ ဦးမှာ လစာမရ၍ သစ်ရွက်ပြုတ် စားနေရသည့်သတင်း” မှာ မဟုတ်မှန်ကြောင်း ဩဂုတ် ၁ ရက်တွင် သက်ဆိုင်ရာအေဂျင်စီနှင့်အတူ ကာယကံရှင် အလုပ်သမားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါသတင်းစာ ရှင်းလင်းပွဲကို ဩဂုတ် ၁ ရက် မွန်းလွဲတစ်နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရွှေရည်ဖြိုးအောင်အေဂျင်စီမှ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမား၂၆ ဦးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအဖွဲ့(MAT) အမည်ဖြင့် အလုပ်သမား ၂၆ ဦးကို အလုပ်သမားစေလွှတ်ခွင့် ကန့်သတ်ထားသည့် ထိုင်းနိုင်ငံတောင်ပိုင်း မူစလင်လူမျိုးများ ကြီးစိုးရာနယ်မြေ စတုံမြို့သို့ ပို့ဆောင်ခဲ့ခြင်း၊ လစာငွေဖြတ်တောက်ခံရခြင်း၊ လုပ်ခလစာမရသည့်အတွက် သစ်ရွက်ပြုတ်စားနေရခြင်း အပါအဝင် အချက် ငါးချက်ဖြင့် သံရုံးသို့ တိုင်ကြားစာပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဒီကိစ္စကို ဇူလိုင် ၁ဝ ရက်မှာ ကျွန်တော်သိခဲ့တယ်။ ၁၁ ရက်မှာ မြဝတီကို သွားပြီးချက်ချင်း AS Associate Engineering ကုမ္ပဏီနဲ့ ညှိနှိုင်းဖြေရှင်းမှုတွေ လုပ်ခဲ့တယ်။ ဒီလိုလုပ်နေတဲ့ကြားတဲ့မှာ အဖွဲ့အစည်း တစ်ခုက ကလေးတွေနဲ့လည်း တိုက်ရိုက်မတွေ့ဘဲ  တစ်ဆင့်သိရပြီး မမှန်မကန် သတင်းပေးခဲ့တာ ဖြစ်ပါတယ်။ ရွှေလုပ်သားက တရားဝင်  မဟုတ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာ မပြောလိုပါဘူး။ ဒါပေမဲ့ ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ  သတင်းထောက်စိုးဝင်း (SP) ဆိုသူက အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသင်းချုပ်နဲ့ ကျွန်တော်တို့ကို ဆက်သွယ်မေးမြန်းမှုမရှိဘဲ မဟုတ်မမှန် သတင်းဖော်ပြခဲ့တယ်” ဟု ရွှေရည်ဖြိုးအောင် အေဂျင်စီမှ ဒါရိုက်တာ ဦးမိုးကျော်က ဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စတုံမြို့နယ်တွင် လုပ်ခလစာမရ၍ စားစရာမရသဖြင့် ရွှေရည်ဖြိုးအောင် အေဂျင်စီမှ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမား ၂၆ ဦးသည်  သင်္ဘောသီး၊ ကန်စွန်းရွက်နှင့် ဘောစကိုင်းရွက်များကို ပြုတ်စားနေရကြောင်းကို ရွှေလုပ်သား သတင်း Website တွင်လည်းကောင်း၊ ရွှေမြန်မာ Website တွင်လည်းကောင်း၊ ဖေ့ဘွတ်(ခ်)မျက်နှာများတွင် လည်းကောင်း ဖော်ပြခဲ့ပြီး အလားတူ အစိုးရ ပိုင် မြန်မာ့အလင်းသတင်းစာ၊ သစ်ထူးလွင် သတင်း Website တို့တွင်လည်း အသီးသီး ဖော်ပြခဲ့သည်ဟု သိရသည်။
ထို့ပြင် ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားတစ်ဦးဖြစ်သူ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ပေါက်ချောင်းအလယ်စုကျေးရွာမှ ကိုဟန်အေးကလည်း “ဒီကိစ္စကို ကျွန်တော်တို့ တိုင်ခဲ့တာမဟုတ်ပါ ဘူး။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့နဲ့လည်း မဆက်သွယ် ခဲ့ပါဘူး။  သူတို့က ကျွန်တော်တို့ သူငယ်ချင်းတွေဆီကနေ တစ်ဆင့်သတင်းရပြီး အခုလို တင်လိုက်တာပါ။ သစ်ရွက်ပြုတ်စားနေတယ် ဆိုတာက လစာထုတ်ပေးတဲ့ရက် နောက်ကျလို့ ကိုယ့်ဘာသာလည်း ထမင်းချက်စားရတာ ဖြစ်တဲ့အတွက် သက်သာအောင် ဘောစကိုင်း ရွက်လေးတွေ ခူးပြီး သုတ်စားကြတာပါ။ အခုကလည်း မိဘတွေ စိုးရိမ်နေတဲ့အတွက် ခဏပြန်လာတာပါ။ ပြီးရင်ပြန်သွားကြမှာပါ” ဟု ပြောပြခဲ့သည်။
လက်ရှိတွင် အလုပ်သမားများ ရစရာရှိသည့် လက်ကျန်ငွေကို ဩဂုတ် ၆ ရက်  နေ့တွင် ရှင်းပေးသွားမည်ဖြစ်ပြီး အလုပ်သမားများအား လစာဖြတ်တောက်ခြင်းသည့် လူမှုဖူလုံရေး အာမခံကြေးသာ ဖြစ်ကြောင်းကို အထောက်အထားများနှင့်အတူ ရှင်းလင်းခဲ့သည်။
news-eleven

No comments:

Post a Comment