Sunday 1 June 2014

ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ဇွန် ၁ ရက် နံနက် ၁၂ နာရီ ဝ၁ မိနစ် ၄၈ စက္ကန့်အချိန်၌ ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့နှင့် ရန်ကုန်မြို့တို့တွင် သက်ရောက်မှုများ ရှိခဲ့ပြီး လှုပ်ခတ်ချိန် ၁၂ စက္ကန့်ခန့် ကြာမြင့်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊မြေငလျင်ဌာနခွဲ မှ သိရသည်။

 မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက“ငလျင်လှုပ်ခတ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ လှုပ်သွားတာက ၁၂ စက္ကန့်လောက် ကြာပါတယ်။ ဗဟိုပြုတာက တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်လောက်အကွာ၊ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၂၇ မိုင် လောက်အကွာအဝေးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်။ အင်အားအနည်းငယ်ရှိတဲ့ငလျင် ဖြစ်ပါတယ်။ ရစ်ခ်ျတာစကေးက ၄ ဒသမ ၇ ရှိပါတယ်”ဟု နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ပြောကြားသည်။
မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ ကျွန်တော်ရေတင်နေတုန်း ရေကန်ထဲက ရေတွေက သိသိသာသာလှုပ်ခတ်ပြီး ဘောင်ဘင်ခတ်ကုန်တယ်။ ပြီးတော့ တိုက်က နည်းနည်းလှုပ်သွားတော့ ငလျင်လှုပ်တာပဲလို့ သိလိုက်ရတယ်” ဟု နံနက် ၁၂ နာရီ ၁ဝ မိနစ်ခန့် ကပြောကြားသည်။ တာမွေမြို့နယ်နေ ကိုထက်အောင်က “ကျွန်တော်က အိပ်ရာထဲမှာလှဲနေတုန်း တိုက်ကလှုပ်သွားတော့ ငလျင်လှုပ်တာပဲလို့သိလို့ ထထိုင်လိုက်တယ်။ ၆ လွှာမှာ နေတော့ တော်တော်သိသာတယ်”ဟု ဆိုသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်နေ ဒေသခံတစ်ဦးက“အစ်မတို့ အိမ်က ပျဉ်ထောင်အိမ်ဆိုတော့ အရှေ့နဲ့အနောက် ခါယမ်းပြီး သိသိသာသာ လှုပ်သွားတယ်။ တစ်အိမ်လုံးနိုးကုန်ပြီး ထထိုင်နေကြရတယ်။ အိမ်တွေ ဘာတွေတော့ ပြိုတယ် မကြားမိသေးဘူး” ဟု နံနက် ၁၂ နာရီ ၃ဝ မိနစ် ခန့်က ပြောကြားခဲ့သည်။
“ဒေးဒရဲပြတ်ရွေ့ဘက်မှာ ငလျင်ဇုန်တစ်ခုရှိတယ်။ အဲဒီဇုန်ဘက်မှာ အများဆုံးက ရစ်ခ်ျတာစကေး ၆ ဝန်းကျင် အထိလောက်ပဲ လှုပ်လေ့ရှိတယ်။ ဒီလိုမျိုး ငလျင်ငယ်လေးတွေက လှုပ်လေ့လှုပ်ထ ရှိတယ်။ ၂ဝဝ၂ နဲ့ ၂ဝဝ၄ ခုနှစ်တုန်းကလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်ခဲ့ဖူးတယ်”ဟု မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်း ကပြောကြားသည်။
Eleven Media Group

No comments:

Post a Comment