Sunday 1 June 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ပြောကြား

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ပြောကြား
Sunday, June 1, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဒီမိုကရေစီစံချိန်စံနှုန်းများ ပြည့်မီရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျက်ရှိသည်ဟု မေ ၃၁ ရက်တွင် သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းကတစ်ဆင့် ပြောကြားသည်။
 
နိုင်ငံရေးအင်အားစုအချို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားဆန္ဒများကို စုဆောင်းလျက်ရှိနေတာကိုလည်း တွေ့မြင်ရမှာဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပြီး 
နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသော နိုင်ငံရေးအင်အားစုများအားလုံးအနေဖြင့် အချင်းချင်းချိတ်ဆက်ပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံသားတစ်ဦးချင်းစီအတွက် လက်တွေ့ကျသည့် ကောင်းမွန်သည့်ရလဒ်များ ပေါ်ပေါက်စေရေး ကြိုးပမ်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က“ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များပေါ် မူတည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါသည်။ ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူအားလုံး၏ အမြော်အမြင်ကြီးမှု၊ ဥာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာမှန်ကန်မှုတို့ ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေးစေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်း၏ သဘောထားရပ်တည်ချက်များကို  ပြောကြားသည်။
 
အသက်ဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနှင့် သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည်ဆိုသော အခြေခံမူကို ဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း၊ လက်ရှိ ကြိုးပမ်းတည်ဆောက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲများက ရရှိလာမည့်သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများကို လုပ်ဆောင်ရမည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
 
ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေး၊ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီလာစေရေးအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်ဟုလည်း သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။
 
“အခုလိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာမှန်ကန်မှုတို့က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ ကင်းကွာနေလို့ ဒီမိုကရေစီအလေ့အထများ ပြန်လည်ရှင်သန်လာဖို့နဲ့ ဒီမိုကရေစီစိတ်ဓာတ်များ ပြန်လည်မွေးမြူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီရှင်သန်ဖို့ဆိုရင် ဒီမိုကရေစီစိတ်ဓာတ်ရှိဖို့ လိုပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုရာမှာ ဒီမိုကရေစီရဲ့တန်ဖိုးများကို လေးစားလိုက်နာခြင်းပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ က ပြောကြားသည်။
 
နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် ရရှိထားသော နိုင်ငံရေးပွင့်လင်း လွတ်လပ်မှုများဆက်လက် ရှင်သန်စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန်လည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။
 
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် အခြေခံဥပဒေ အခန်း(၁၂)တွင် ပြဌာန်းထားသည့် ပြဌာန်းချက်များနှင့်အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာကြရမည်ဟု ပြီးခဲ့သည့်  မတ် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်ခဲ့သည့် သမ္မတတာဝန် ထမ်းဆောင်မှုသက်တမ်း သုံးနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။
 
ထို့ပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ ရှိနေရဦးမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ညှိနှိုင်းအဖြေရှာသော စားပွဲဝိုင်းများတွင်လည်း တပ်မတော် ဆက်လက်ပါဝင်နေရန် လိုအပ်ဆဲဖြစ်သည်ဟုလည်း သမ္မတက ၎င်း၏ သုံးနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
 
စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် တပ်မတော်မှ ကန့်ကွက်ပိုင်ခွင့်ရှိနေခြင်းကို စိုးရိမ်ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ က တိုက်တွန်းပြောဆိုမှုများ ရှိနေသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေသော အခြေခံဥပဒေ အခန်း(၁၂)တွင် ပါရှိသည့် ပုဒ်မ(၄၃၆) ပြင်ဆင်ရေးလှုပ်ရှားမှုများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍တစ်နိုင်ငံလုံး၌ ဆောင်ရွက်လျက်ရှိရာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်  သဘောထားပေးသည့် ပြည်သူအများအပြား ရှိနေသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်နေခြင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဖြစ်သည်ဟု မေ ၃ဝ ရက်က လွှတ်တော်အစည်းအဝေးရပ်နားစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားသည်။

ရန်ကုန်မြို့ ယုဇနပလာဇာ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ရေးထိုးနေသူများကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
Eleven Media Group

No comments:

Post a Comment