Saturday 21 June 2014

အာဆီယံပြည်သူ့ဖိုရမ်၏ တောင်းဆိုချက်များကို အာဆီယံဥက္ကဋ္ဌ မြန်မာအစိုးရမှ ဆောင်ရွက်ခြင်းမရှိသေး၍ အာဆီယံထိပ်သီး အစည်းအဝေးတွင် ထပ်မံတင်ပြမည်

အာဆီယံပြည်သူ့ဖိုရမ်၏ တောင်းဆိုချက်များကို ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစိုးရများမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သော်လည်း အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မြန်မာအစိုးရမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိသေးသောကြောင့် နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီထံမှ သိရသည်။

အာဆီယံပြည်သူ့ဖိုရမ်မှ ထုတ်ပြန်သည့် တောင်းဆိုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များနှင့် အာဆီယံအစိုးရခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း အာဆီယံအစိုးရအချို့၏ ၀င်ရောက်စွက်ဖက် မှုများကြောင့် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည့်မျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များအားလုံး နုတ်ထွက်ခဲ့ကာ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော် အာဆီယံပြည်သူ့ဖိုရမ်မှ ထုတ်ပြန်သည့် တောင်းဆိုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် အာဆီယံခေါင်းဆောင်များထံသို့ ပေးပို့ခဲ့ကာ ယင်းတောင်းဆိုချက်များကို ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအစိုးရများမှ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

“အာဆီယံနိုင်ငံအချို့က တောင်းဆိုချက်တွေကို စတင်ဆောင်ရွက်နေပေမယ့် မြန်မာအစိုးရက စတင်ဆောင်ရွက်ခြင်း မရှိသေးတာကို တွေ့ရတယ်။ ဒါကြောင့် နိုဝင်ဘာလထဲမှာ ပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ ထပ်ပြီးတင်ပြသွားမယ်။ မြန်မာအစိုးရအနေနဲ့က အာဆီယံဥက္ကဋ္ဌ အခွင့်အလမ်းကို ခဲခဲယဉ်းယဉ်းနဲ့ စောင့်ပြီးမှရတာဖြစ်သလို ဦးဆောင်နိုင်ဖို့ အခွင့်အလမ်း ရှိတဲ့အချိန်မှာ မလုပ်ရင် ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်” ဟု အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီဝင် ဦးအောင်မျိုးမင်းက ပြောကြားသည်။

အာဆီယံ ပြည်သူ့ဖိုရမ်ကို ၂၀၁၄ ခုနှစ် မတ် ၂၁၊ ၂၂၊ ၂၃ ရက်များတွင် ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီကူး ပြောင်းမှုစသည့် အကြောင်းအရာ လေးခုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ၃၅ ခု ဖြင့်ဆွေးနွေးခဲ့ကာ အာဆီယံနိုင်ငံများကြားတွင် ကြုံတွေ့နေရသည့် လယ်ယာမြေသိမ်း ကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ တာဝန်ယူမှုကင်းမဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများက ဆွေးနွေးပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အာဆီယံပြည်သူ့ဖိုရမ်ကို ၂၀၀၅ ခုနှစ်မှစကာ မလေးရှားနိုင်ငံတွင် စတင်ကျင်းပခဲ့သော်လည်း အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များနှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံပွဲကိုမူ မလေးရှားတွင် တစ်ကြိမ်၊ ထိုင်းနိုင်ငံတွင်နှစ်ကြိမ်နှင့် အင်ဒိုနီးရှားနိုင်ငံတွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ်သာ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။    

Eleven Media Group

No comments:

Post a Comment