Thursday 1 May 2014

မန်မာ-တရုတ်ပိုက်လိုင်း ဖြတ်သန်းရာ ငဖဲမြို့နယ်၌ သိမ်းဆည်းခဲ့သည့် မြေယာများအတွက် လျော်ကြေးမကြာမီပေးအပ်နိုင်ရန် စီစဉ်နေ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း သိမ်းဆည်းခဲ့သည့် မြေယာများအတွက် ပေးလျော်ရမည့် လျော်ကြေးငွေပမာဏ အလွန်များပြား သဖြင့် ငွေသားများ လုံခြုံရေးအတွက် အစိုးရနှင့် ကုမ္ပဏီဘက်မှ စနစ်တကျပေးချေသည့် နည်းလမ်းများသတ်မှတ်ပြီး တောင်သူများလက်သို့ မကြာမီကာလအတွင်း ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း ဧပြီ ၃၀ ရက် ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည့် SEAGP ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းကဲ့သို့ ငဖဲမြို့နယ်အတွင်း သိမ်းဆည်းခဲ့သည့် မြေယာများ၏ လျော်ကြေးပမာဏနှင့် မည်သည့်ကာလတွင် ပေးချေသွားမည်တို့နှင့် စပ်လျဉ်းပြီး The Daily Eleven ၏ မေးမြန်းချက်အပေါ် “အဲဒီ လျော်ကြေးငွေပမာဏဟာ ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိပါဘူး။ လျော်ကြေးပေးဖို့ကတော့ ကန်ထရိုက်ကုမ္ပဏီနဲ့ပဲ ဆိုင်ပါတယ်။ ကန်ထရိုက် ကုမ္ပဏီကတော့ အိန္ဒိယကုမ္ပဏီ PLL ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလျော်ကြေးကို ဘယ်တော့ပေးသွားမယ်ဆိုတာလဲ တိတိကျကျ ကျွန်တော်တို့ မသိပါဘူး။ အတတ်နိုင်ဆုံး အစောဆုံးဖြစ်အောင် ပေးသွားမှာပါ” ဟု SEAGP ကုမ္ပဏီ၊ Public Relation ဌာနမှ မန်နေဂျာ Mr.Zhang က ပြောကြားသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ဂုတ်ကြီးရွာကို ဖြတ်သန်းသောပိုက်လိုင်းသည် မြန်မာ-တရုတ်ပိုက်လိုင်း KP ၁၃၀ မှ KP ၁၆၀ အထိပိုင်းမှ ပိုက်လိုင်းဖြစ်ကြောင်း သိရသည်။ ပိုက်လိုင်းတည်ဆောက်ရေးကို တာဝန်ယူဆောင်ရွက်နေသည့် Contractor ကုမ္ပဏီသည် ယင်းနေရာတွင် လုပ်ငန်းဆောင်ရွက်စဉ် အချို့နေရာများ၌ သတ်မှတ်ထားသည် ထက်များသော ဧရိယာကို သိမ်းထားခြင်းရှိကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မန်နေဂျာ Mr.Zhang က ပြောကြားသည်။

အဆိုပါ Contractor ကုမ္ပဏီသည် အပိုသိမ်းဆည်းသည့် နေရာအပေါ် ယာယီလျော်ကြေးငွေပေးမည့် တာဝန်ရှိကြောင်း၊ ယင်းအခက်အခဲကို ဖြေရှင်းပေးရန် Contractor ကုမ္ပဏီသည် ဒေသခံများ၊ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment