Sunday 6 April 2014

သမီးကလေးကျေးရွာမှ အိမ်ထောင်စုများ DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ရွာသို့ မြဝတီမြို့မှ ထွက်ခွာ

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နောက် လိုက်ပါသွားသည့် ဖယ်ရှားခံ သမီးကလေးကျေးရွာ နေထိုင်သူများ ကရင်ပြည်နယ် မြဝတီမြို့မှ DKBA ထိန်းချုပ် နယ်မြေ ကျောက်ခတ်ကျေးရွာသို့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ထွက်ခွာသွားကြောင်း မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖယ်ရှားခံ သမီးကလေးကျေးရွာ အပါအဝင် အင်းပတီးကျေးရွာ၊ ဒေါ်ကာလီကျေးရွာတို့မှ လူဦးရေ ၃၀၀ နီးပါးခန့်ရှိ အိမ်ထောင်စု ၈၀ ကို ဧပြီလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိကျောင်းတိုက်သို့ DKBA က လာရောက်ခေါ်ဆောင်ခဲ့ရာ ဧပြီ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အဆုံး
ကရင်ပြည်နယ်အစ ဒုံသမိတံတား၌ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၏ အမိန့်ဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၁၅၀၀ ခန့်က တားဆီး ပိတ်ပင်ခဲ့သောကြောင့် မွန်ပြည်နယ်အတွင်းရှိ ဘုရားများ ဖူးရန်အတွက်သာ ဖြတ်သန်းခွင့် ရရှိခဲ့ကြောင်း DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းလင်း ပြောကြားသည်။
“မွန်ပြည်နယ်ထဲက ဘုရားတွေ လှည့်ဖူးပြီး ကရင်ပြည်နယ်ဘက် လှည့်ဝင်ခဲ့တာ။ သာမည ဝင်ဖူးပြီး မြဝတီမြို့ကို ဧပြီ ၄ ရက်ညက ရောက်တယ်။ ဒီမနက် ဆုံဆည်းမြိုင်ဘက်ကို ထွက်မယ့်လမ်းကြောင်း ကျောက်တော်ရွာနားက နယ်စပ်ဂိတ်တစ်ခုကို ဖြတ်ကျော်နိုင်ရင် ရွာသားတွေကို နေရာချထားပေးမယ့် ကျောက်ခတ်ရွာကို ရောက်ပြီ” ဟု မြဝတီမြို့မှ မထွက်ခွာခင် ဧပြီလ ၅ရက် နံနက်ပိုင်းက DKBA ဗျူဟာမှူးက ပြောကြားသည်။
လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပါ ဖယ်ရှားခံ သမီးကလေးကျေးရွာ နေထိုင်သူများကို မတ်လ ၂၇ ရက်နေ့က ဝါးယားကုန်း ကျေးရွာ အနီးတွင် မြေကွက် များ အခမဲ့ ချပေးခဲ့သော်လည်း နှစ်ရက်အကြာ မတ်လ ၂၉ ရက်နေ့က ပြောင်းရွှေ့ခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည် နေရာ ချထားပေးသော မြေကွက်များကို ပိုင်ဆိုင်ခွင့် မရခြင်း၊ အိမ်ဆောက်ရန် ထောက် ပံ့ပေးခြင်း မရှိသောကြောင့် ယခင် ယာယီ ခိုလှုံခဲ့သော အောင်သိဒ္ဓိကျောင်းတိုက်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြောင်း၊ ယင်းနောက် မြေနေရာ၊ အိမ်ဆောက်ပစ္စည်း၊ အလုပ်အကိုင် အာမခံချက်ပေးသော ဒုတိယအကြိမ်မြောက် လာခေါ်သည့် DKBA နောက်သို့ လိုက်ပါခဲ့ခြင်း ဖြစ်ကြောင်း အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။
“ရွာသူရွာသားတွေက ခရီးဝေးကို ရက်ရှည်သွားနေရတော့ တော်တော် ပင်ပန်းနေကြပြီ။ သူတို့အားလုံး DKBA က နေရာချထားပေးမယ့် ကျောက်ခတ်ရွာကို အရောက်သွားဖို့ စိတ်စောနေကြတယ်။ ဟိုမရောက်ခင် လမ်းခုလတ်မှာ အာဏာပိုင်အဖွဲ့က တားဆီးတာမျိုး ထပ်ကြုံမှာ စိုးရိမ်နေကြတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
 The Voice Weekly

No comments:

Post a Comment