Sunday 6 April 2014

ထုတ်ဝေခွင့် လျှောက်ထားဆဲ သတင်းစာ၊ ဂျာနယ်များ ဇွန်လနောက်ပိုင်းမှသာ ခွင့်ပြုမည်

ထုတ်ဝေခွင့်ရရှိရန် လျှောက်ထားထားသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် အခြားအထွေထွေ ထုတ်ဝေရေး လုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းမှသာ ထုတ်ဝေခွင့် ပြုနိုင်မည် ဖြစ်ကြောင်း ပြန် ကြားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေကို အဆိုပါ ဝန်ကြီးဌာနက ရေးဆွဲပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ နယ်ပယ်များက တတ်သိ နားလည်သူများနှင့် ထပ်မံဆွေးနွေးကာ အကြံပြုချက်များ ရယူသွားမည် ဖြစ်ကြောင်း၊ နည်းဥပဒေကို ဇွန်လထဲတွင် အတည်ပြု ထုတ်ပြန်နိုင် မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဆိုသည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ လက်ရှိ ကျင့်သုံးနေသည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေမှာ အလိုအလျောက် ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် ဥပဒေသစ်၏ နည်းဥပဒေများ ထွက်ရှိလာပြီးမှသာ ထုတ်ဝေခွင့် လျှောက်ထားမှုများကို ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြော ကြားသည်။ ယင်းအပြင် လျှောက်ထားဆဲ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် အထွေထွေ စာပေများအတွက် ထုတ်ဝေခွင့်ကို ဆိုင်းငံထားမည် ဖြစ်ပြီး ၎င်းတို့အနေနှင့် ထွက်ပေါ်လာသည့် နည်းဥပဒေနှင့်အညီ ထပ်မံလျှောက်ထားရမည် ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက ဆိုသည်။ ယင်းကဲ့သို့ ဆိုင်းငံထားခြင်းသည် သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရန် ဟန်ပြင်ကာ ဝန်ထမ်းများ ကြိုတင် ငှားရမ်းထားသည့် သတင်းစာတိုက်များအတွက် စရိတ်စက ပိုမိုကုန်ကျစေနိုင်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက် MJN မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။ လက်ရှိ စာပေထုတ်ဝေခွင့် ပြုရာတွင် မူဝါဒ တိတိကျကျမရှိဘဲ လုပ်ကိုင်နေခြင်းကြောင့် မှတ်ပုံတင်ခြင်းကိစ္စ ကြန့်ကြာမှုများ ရှိနေပြီး နည်းဥပဒေသစ်နှင့်အညီ ထပ်မံလျှောက်ထားရမည်ကို ကြိုဆိုပါကြောင်း သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ရာ ခုနစ်လဝန်းကျင် ရှိသော်လည်း ခွင့်ပြုချက် မရရှိသေးသည့် ပြည်သူ့ခွန်အား PEOPLE POWER နေ့စဉ်ထုတ် သတင်းစာ၏ အယ်ဒီတာချုပ်က ပြောကြားသည်။ “အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကို ၅၀ ရာခိုင်နှုန်းလောက် ကြိုက်ပါတယ်။ နည်းဥပဒေကတော့ သူတို့ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့် ရှိတာဆိုတော့ သူတို့ ပြည်သူအပေါ်မှာ ဘယ်လိုသဘောထားသလဲ ဆိုတာကို ထွက်လာမှ သိရမှာပေါ့” ဟု အဆိုပါ သတင်းစာ အယ်ဒီတာချုပ် ဦးနိုင်မင်းဝေက ဆိုသည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၄ ရက်နေ့က အတည်ပြုခဲ့ပြီး သမ္မတက ဧပြီလ ၂ ရက်နေ့က ထပ်မံအတည်ပြု လက်မှတ်ရေးထိုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ပြည်သူ့ခွန်အား PEOPLE POWER သတင်းစာ အပါအဝင် ထုတ်ဝေခွင့် လျှောက်ထားဆဲ သတင်းစာ နှစ်စောင်၊ ဂျာနယ် ၁၇ စောင်၊ မဂ္ဂဇင်း သုံးစောင်နှင့် အထွေထွေ ထုတ်ဝေစာ ခုနစ်ခုရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
The Voice

No comments:

Post a Comment