Sunday 6 April 2014

မိတ္ထီလာရှိ နိုင်ငံရေးအင်အားစုများ ဟံသာဝတီ ဦးဝင်းတင်အတွက် မေတ္တာပို့ဆုတောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ ဝါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် အတွက် မိတ္ထီလာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) တို့မှ လူအင်အား ၃၀ ခန့်သည် ဧပြီလ ၄ ရက်၊ ညနေ ၅ နာရီတွင် သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၌ မေတ္တာပို့ ဆုတောင်းခဲ့ကြောင်း မိတ္ထီလာအခြေစိုက် နိုင်ငံရေး အင်အားစုများထံမှ စုံစမ်းသိရှိရသည်။

“ရည်ရွယ်ချက် တူညီသူချင်း ပူပေါင်းပြီး၊ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ရပ်အဖြစ် နိုင်ငံရေးအဖွဲ့တွေ ကိုယ့်အသိစိတ်နဲ့ ကိုယ်စုပေါင်း လုပ်ဆောင်တာပါ” ဟု မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးလွှမ်းမိုးက ဆိုသည်။

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဦးဆောင် လမ်းညွှန်မှုများဖြင့် ၁၉၈၈ ခုနှစ်မှ စတင်၍ ဒီမိုကရေစီလမ်းကို အတူလက်တွဲ လျှောက်လှမ်းခဲ့ကြကြောင်း၊ ဗုဒ္ခဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာ အရ မေတ္တာပို့၊ ပရိတ်ရွတ်ကာ၊ ဆုမွန်ကောင်းများ တောင်းပေးခြင်းအားဖြင့် အသက်ရှည် ကျန်းမာခြင်းအတွက် အထောက်အကူ ပြုသည်ဟု အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ဦးထိန်မင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရသော ဧပြီလဆန်းမှစ၍ ယခုကဲ့သို့ မေတ္တာပို့ ဆုတောင်းပေးနေခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်း၌ အထူးခြားဆုံးသော ဂုဏ်ပြု အသိအမှတ်ပြုခြင်း တစ်ခုဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် မီဒီယာ အသိုင်းအဝိုင်းတို့က တူညီစွာ ပြောဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကြီးတွင် ပါဝင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ခဲ့သူ ဦးဝင်းတင်သည် ယခင်အစိုးရများ လက်ထက်တွင် ထောင်ဒဏ်နှစ် နှစ်ဆယ်ကျော် ချမှတ်ခြင်းခံရပြီး ထောင်တွင်းတွင် ၁၉ နှစ် ကျော် နေထိုင်ခဲ့ကာ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနိုကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခြင်း ခံခဲ့ရပြီး အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တွင်လည်း အကြံပေးအဖြစ် ဆောင် ရွက်လျက် ရှိသည်။

The Voice

No comments:

Post a Comment