Wednesday 19 March 2014

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာများစာရင်း စတင်ကောက်ယူ

လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပါက မဲပေးနိုင်ရေးအတွက် ပြည်ပရောက် မြန်မာများ အရေအတွက် စာရင်းကို ကောက်ယူရန် နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ အကြောင်း ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက The Voice သို့ ပြောကြားသည်။

အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာများမှ အသက် ၁၈ နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်များက နိုင်ငံပြင်ပရောက် မဲဆန္ဒရှင် ဖြည့်စွက်ရန် ပုံစံစာရင်းကို မြန်မာသံရုံးများသို့ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားကြောင်း ၎င်းကရှင်းပြသည်။

“ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပလာခဲ့ရင် အချိန်အကျပ်အတည်း မဖြစ်အောင် အခုကတည်းက ကြိုတင်ပြီးတော့ စာရင်းကောက်ထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ မဲဆန္ဒရှင်များ စာရင်းကို ကြိုတင် ပြုစုနေသော်လည်း ယခုနှစ်အတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ရှိ မရှိကို ဖြေကြားနိုင်ခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြည်ပရောက် မဲဆန္ဒရှင်များစာရင်း ကောက်ယူခြင်း ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လုပ်ပိုင်ခွင့် ရှိသော်လည်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ပွင့်လင်းမြင်သာမှုရှိစွာ ကြေညာသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

“ကြားဖြတ် ရွေးကောက်ပွဲလုပ်ရင် လုပ်မယ်ပေါ့ လွှတ်တော်မှာ ပြောလိုက်ပေါ့ ဘာဖြစ်တာမှတ်လို့လဲ၊ အခုလို ပြည်ပမှာ စာရင်းကောက်နေပြီဆိုတော့ ကြားဖြတ် ရွေးကောက်ပွဲက သေချာနေပါပြီ” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း လစ်လပ် မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုက်တွန်းရန် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီက ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေး တစ်ရပ်တွင် အတည်ပြု ဆုံးဖြတ်ထားကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် တစ်ဦးထံမှ သိရသည်။ 

အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် အစီအစဉ်ရှိ မရှိကို ပြည်ထောင်စုလွှတ်တော်မှ မေးမြန်းမှသာ လာရောက် ဖြေဆိုမည်ဖြစ်ပြီး မီဒီယာများကို ဖြေဆိုခြင်း မပြုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၁၃ ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ထို့အပြင် အစိုးရသက်တမ်း ငါးနှစ်ပြည့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော်လည်း သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၂၈ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် နိုင်ငံရေးပါတီများ အသီးသီးက တောင်းဆို ထားသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ကိုင်စဉ်တွင် လွှတ်တော်အတွင်း ကိုယ်စားလှယ် အရေအတွက် ရာခိုင်နှုန်း အပြည့်ရှိနေမှသာ အခြေခံဥပဒေ ပြင်ဆင်ရာ၌ တရားမျှတမည် ဖြစ်ကြောင်း အတိုက်အခံ ပါတီအချို့က တိုက်တွန်း ပြောဆိုထားသည်။ 

ကြားဖြတ် ရွေးကောက် ပွဲကျင်းပမည်ဆိုပါက နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျင်းပနိုင်ခြင်း မရှိသေးသော ကချင်ပြည်နယ်ရှိ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ၀ိုင်းမော်၊ မဲဆန္ဒနယ်များနှင့် အခြားလစ်လပ်နေသော လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေ သာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်းစိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့တွင် ကျင်းပရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ သိရှိရသည်။ 

ယခုလောလောဆယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၃) ခု၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၄) ခု နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁၁) ခု လစ်လပ်လျက် ရှိကြောင်း ကော်မရှင် တာဝန်ရှိသူများက ဆိုသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ၂၀၁၂ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၄ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ၄၂ နေရာ အနိုင်ရခဲ့ပြီး ကြံခိုင်ရေးပါတီ ကမဲဆန္ဒနယ်တစ်ခုသာ အနိုင်ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment